close

တူနီးရှားကမ်းလွန်၌ ရွှေ့ပြောင်းနေထိုင်သူများစီးလာသည့် လှေနစ်မြုပ်၊ ၁၂ ဦးထက်မနည်းသေဆုံး

မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အီတလီနိုင်ငံဆီသွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၂၀ ကို တင်လာတဲ့ လှေလေးစီး တူနီးရှားနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပါတယ်။

ဒါကြောင့် အာဖရိက တိုက်သား ရွှေ့ပြောင်းနေထိုင်သူ ၁၂ ယောက်ထက် မနည်း သေဆုံးပြီး တခြားလူ ဆယ်ယောက် ပျောက်နေတယ်လို့ လုံခြုံရေးအရာရှိကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဧပြီ ၂၄ ရက်မှာ ဖော်ပြပါတယ်။

ကမ်းရိုးတန်းရဲ့ကမ်းလွန်ပင်လယ်ပြင်ကနေ ရွှေ့ပြောင်းနေထိုင်သူ ၉၈ယောက်ကို ကယ်ထားပြီး ပြီလို့ တူနီးရှားကမ်းခြေစောင့်တပ်ရဲ့ ဒုဗိုလ်မှူးကြီး အလီ အာယာရီက ပြောပါတယ်။

အာဖရိကနဲ့အရှေ့အလယ်ပိုင်းက ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာပြီး ဥရောပမှာ ပိုကောင်းတဲ့ ဘဝကို ရဖို့ ကြိုးစားကြတဲ့ လူတွေ အတွက် ဒီကမ်းရိုးတန်းဟာ အဓိက ထွက်ပေါက် ဖြစ်လာတာပါ။

မနှစ်က ဒီကမ်းရိုးတန်းရဲ့ ကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂ သောင်းကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ဒီအပတ်ထဲမှာ ပြောပါတယ်။

တူနီးရှားကနေ လစ်ဗျား အဲဒီကနေတဆင့် အီတလီကို သွားဖို့ ကြိုးစားတဲ့ အကြိမ်ရေ တိုးလာနေလို့ လတ်တလော လတွေအတွင်း တူနီးရှား ကမ်းရိုးတန်းမှာ လူဒါဇင်ချီ ရေနစ် သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ သိန်း ၂ သောင်း ၃ထောင်ကျော် အီတလီကို ရောက်လာခဲ့ပြီး ၂၀၂၀ မှာတော့ အယောက် ၉သောင်းခွဲကျော် ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကိန်းဂဏန်းတွေက ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up