close

ပုလဲမြို့နယ် ကျားသစ်နက်အဖွဲ့ထံ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်

ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးကျားသစ်နက်အဖွဲ့ဆီ ဧပြီ ၂၆ ရက် မနက် ၉ နာရီလောက်က မန္တလေးနန်းတွင်း အမှတ်-၁၂၁ တပ်ရင်းက စစ်သားတယောက် အလင်းဝင်လာတယ်လို့ ကျားသစ်နက်အဖွဲ့က ပြောပါတယ်။

အလင်းဝင်းရောက်လာတဲ့ ကိုကျော်ဇင်အောင်က “အမည်က ကျော်ဇင်အောင်ပါ။ သင်တန်းကျောင်း - ၁၁ လာရှိုးသင်တန်းကျောင်း ဆင်းပါ။ ကိုယ်ပိုင်အမှတ်တ/၅၆၁၅၁၁ဖြစ်တယ်။ လုပ်သက်က ၃ နှစ်ကျော်ကျော်ပဲရှိသေးတယ်။ အခုလို အလင်းဝင်ရောက်တာဟာ ပြည်သူပေါ် အနိုင်ကျင့်တာကို ဆက်မလုပ်နိုင်လို့  ဝင်ရောက်လာတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ကျားသစ်နက်အဖွဲ့အနေနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်သားအား အမျိုးသား ညီညွတ်ရေးအစိုးရ CDM ဌာနကို ဆက်သွယ်ဆောင်ရွက်ပြီး ပြည်သူတွေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ ဆုကြေးငွေပေးဖို့ စီစဉ်နေတယ်လို့ ကျားသစ်နက်တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ တပ်သားဟာ လက်နက်ခဲယမ်းတွေတော့ မပါလာဘဲ အလွတ်ထွက်ပြေးလာတာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ထားတဲ့ သူရဲကောင်း CDM ပြည်သူ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၂၉၃၇ ယောက် ရှိလာပြီဖြစ်တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up