နျူကလီးယားလက်နက်များ တိုးတက်စေရန် အရှိန်မြှင့်မည်ဟု ကင်ဂျုံအန်း ပြော

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက်တွေကို တိုးတက်အောင် အရှိန်မြှင့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြောင်း အစိုးရ မီဒီယာ KCNA က ဧပြီ ၂၆ရက်မှာ ထုတ်လွှင့်သွားပါတယ်။
ပဲ့ထိန်းဒုံးကျည် (ICBMs) တွေနဲ့ တခြားလက်နက်တွေကို ခင်းကျင်းပြသတဲ့ အကြီးစား စစ်ရေးပြပွဲအတွင်း ခုလို ပြောခဲ့တာပါ။
စစ်ရေးပြပွဲအတွင်း မြောက်ကိုရီးယားရဲ့ အကြီးဆုံး (ICBMs) လို့ သိကြတဲ့ ဟွာဆောင် ၁၇ ဒုံးကျည်လည်း ပါတာကို KCNA က ထုတ်လွှင့်ပြသပါတယ်။
မြောက်ကိုရီးယား စစ်တပ်တည်ထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဧပြီ ၂၅ ရက်ညက ကျင်းပချိန်မှာ စစ်ရေးပြပွဲ လုပ်ခဲ့တာလို့ KCNA ကပြောပါတယ်။
အခမ်းအနားမှာ အမြောက်၊ ဒုံးလောင်ချာ၊ တင့်ကားတွေနဲ့အတူ စစ်ရေးပြ စစ်သည်အင်အား ထောင်သောင်းချီလည်း ပါဝင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ အစိုးရအဖွဲ့သစ် တက်ခါနီးအချိန် ဖြစ်သလို အမေရိကန်နဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေးဆွေးနွေးပွဲတွေ ရပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယားအစိုးရက လက်နက်စမ်းသပ်တာတွေနဲ့ စစ်အင်အားပြတာတွေ ပိုတိုးလုပ်လာနေတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားအရာရှိတွေကတော့ မြောက်ကိုရီးယားရဲ့ တခုတည်းသော လူသိတဲ့ နျူကလီးယား လက်နက် စမ်းသပ်ရာနေရာမှာ ဆောက်လုပ်ရေး လုပ်ငန်းသစ် တွေ လုပ်နေတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ပြောပါတယ်။
အဲဒီ စမ်းသပ်ကွင်းကို ၂၀၁၈ တည်းက တရားဝင် ပိတ်ထားတာပါ။
ခုလို လုပ်ငန်းသစ် စနေတာဟာ နျူကလီးယား လက်နက်တွေ စမ်းသပ်တာ ပြန်စဖို့ ပြင်ဆင်နေ တာ ဖြစ်နိုင်တယ်လို့လည်း မီဒီယာတွေက သုံးသပ်နေကြပါတယ်။