close

သထုံမြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ  စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်မှာ  KNLA ၊ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ 

အဲဒီစစ်ကောင်စီတပ်စခန်းကို KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ PDF တပ်ရင်း(၂) နဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့က ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်စခန်းကို သွားရောက် တိုက်ခိုက်ပြီးနောက် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ‌ဆုတ်ခွာနိုင်ခဲ့‌ကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အ‌သေးစိတ်ကို မသိရသေးဘူးလို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ 

ဒေသခံတွေအဆိုအရ ပိန္နဲတောကျေးရွာက စစ်ကောင်စီ ရှေ့တန်းတပ်စခန်းမှာ တပ်အင်အား ၁၀၀ လောက်ရှိပြီး ကျေးရွာတွေထဲကို လက်နက်ကြီး‌‌တွေ မကြာခဏ ပစ်ခတ်နေတဲ့ တပ်စခန်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်‌ကလည်း သထုံမြို့နယ် ဝီယော်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၄ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ 

ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့က မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများပြီး  အထိနာနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up