ရုရှားနှင့် ယူကရိန်း အွန်လိုင်းအစည်းအဝေးကျင်းပ ဆွေးနွေးညှိနှိုင်းနေဟု သမ္မတပူတင်ပြော

ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ အွန်လိုင်းအစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။
ဒါပေမဲ့ ယူကရိန်းနဲ့ ညှိနှိုင်းမှုတွေဟာ အခုစစ်ဖြစ်နေရတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်နိမိတ် ကိစ္စတွေ မဖြေရှင်းနိုင်ဘဲနဲ့တော့ အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ ပူတင်က သတိပေး ပြောကြားပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသ၊ ယူကရိန်းနယ်မြေထဲမှာ ခွဲထွက်ရေးသမားတွေက ပြည်သူ့သမ္မတနိုင်ငံတွေလို့ ကြေညာထားပြီး ရုရှားက အသိအမှတ်ပြုထားတဲ့ ဒွန်းဘက်စ်ဒေသတွေကို ရည်ညွှန်းပြီး ပူတင်က ပြောတာပါ။
ဒီလို တွေ့ဆုံစဉ်မှာပဲ ပူတင်က တိုက်ပွဲဖြစ်နေတဲ့ မာရီယူပိုမြို့မှာရှိတဲ့ အာဇော့စတယ် သံမဏိစက်ရုံထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ICRC အဖွဲ့က ကယ်ထုတ်နိုင်ရေးကို မူအားဖြင့် သဘောတူခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လူဟန်စ်ခ်ဒေသမှာတော့ ရုရှားတပ်တွေ နေရာယူထားတဲ့ ပစ်မှတ်တွေကို ယူကရိန်းစစ်တပ်ဘက်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က မနေ့က ပြောပါတယ်။
ယူကရိန်းတပ်ရဲ့ စစ်ဆင်ရေးတပ်ဖွဲ့ဟာ အရင်တပတ်အတွင်းမှာ ဒွန်းတက်စ်ခ်နဲ့ လူ့ဟန့်စ်ခ် ဒေသထဲမှာ ရုရှားရဲ့ ထိုးစစ် ၆၃ ကြိမ်ကို တန်ပြန် တိုက်ခိုက်နိုင်ခဲ့ပြီး ရုရှားတင့်ကား ၅၅ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဘက်ကလည်း ယူကရိန်းတပ်တွေကို ဒုံးကျည်၊ အမြောက်နဲ့ စစ်လေယာဉ်ပျံတွေကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။
ယူကရိန်းစစ်သား ၅၆၀ ကျော်၊ ယူကရိန်းစစ်ကားတွေ၊ ဒုံးကျည်စနစ်နဲ့ တခြား စစ်လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ ရုရှားဘက်က ပြောပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့စလို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေပြီး နှစ်လကျော်ကြာ စစ်ပွဲအတွင်း လူထောင်ချီ သေဆုံး၊ သန်းချီ အိုးအိမ်စွန့်ခွာခဲ့ကြရပြီး ဖြစ်ပါတယ်။