close

မလေးရှား မူးယစ်မှောင်ခိုသမားကို ကွပ်မျက်ရန် စင်ကာပူတရားရုံး ဆုံးဖြတ်

မလေးရှား မူးယစ်ဆေးမှောင်ခိုသမား တယောက်ကို ကြိုးတိုက်ထဲမှာ ကွပ်မျက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့မိခင်ဖြစ်သူက တရားရုံးမှာ နောက်ဆုံးအယူခံခဲ့ပေမဲ့ စင်ကာပူတရားရုံးက ပယ်ချလိုက်ပြီး စီစဉ်ထားတဲ့အတိုင်း ဧပြီ ၂၇ ရက်မှာပဲ ကွပ်မျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ် နာဂမ်သရမ် ဒါမာလင်ဂမ်ဟာ စင်ကာပူနိုင်ငံထဲကို ဘိန်းဖြူ ၁ ဒသမ ၅ အောင်စ မှောင်ခိုကူးမှုအတွက် သေဒဏ်ရင်ဆိုင်နေရတာ ဆယ်စုနှစ်တစုကျော် ကြာနေပါပြီ။

စင်ကာပူဟာ မူးယစ်ဆေးဆိုင်ရာ ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံပါ။ သူ့ရှေ့နေကတော့ သူ့ဟာ ဉာဏဆိုင်ရာ မသန်မစွမ်း ဖြစ်နေလို့ သေဒဏ်မပေးဖို့ အသနားခံစာ အမျိုးမျိုး တင်ခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်ချက် ချမှတ်ချိန်မှာတော့ ဒါမာလင်ဂမ်နဲ့ သူ့မိသားစုတို့ဟာ တယောက်လက်တယောက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ငိုကြွေးခဲ့ပါတယ်။ သူ့ရဲ့အမေကို တရင်း အော်ငိုသံကို တရားရုံးတခုလုံး ကြားခဲ့ရပါတယ်။

သူ့ရဲ့ဉာဏ်ရည်ဟာ ၆၉ မှတ်သာ ရှိတာကို တွေ့ရတယ်လို့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သူ့ကို သေဒဏ်မပေးဖို့ မလေးရှားဝန်ကြီးချုပ်၊ ဗြိတိန် ကုဋေကြွယ်သူဌေးကြီး ရစ်ချတ် ဘရန်ဆန်၊ ကုလပညာရှင်အုပ်စုနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စင်ကာပူအစိုးရကို တိုက်တွန်းခဲ့လို့ သူ့အမှုဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရခဲ့တာပါ။

ဒါပေမဲ့ ရာဇဝတ်မှု ကျူးလွန်ချိန်မှာ သူဘာလုပ်တယ်ဆိုတာ သူသိနေတယ်ဆိုတာ တရားရုံးက တွေ့ရှိခဲ့ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကျဆင်းလာမှုကို ပြသနိုင်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up