ရေနစ်သေဆုံးသည့် ထိုင်းမင်းသမီး တိုင်မို၏ အမှုတွဲ ထိုင်းရဲပိတ်သိမ်း၊ ပရိသတ်များ လက်မခံနိုင်

ထိုင်းနာမည်ကြီးသရုပ်ဆောင် မင်းသမီး တိုင်မိုနိဒါး ကျောက်ဖရားမြစ်ထဲ ရေနစ်သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး ပထုန်ဌာနီရဲစခန်းက အမှုကို ၂ လကျော် စစ်ဆေးနေရာမှာ ဧပြီ ၂၆ ရက်မှာတော့ အမှုတွဲပိတ်သိမ်းလိုက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် လူပေါင်း ၁၄၄ ဦး၊ ဗွီဒီယိုကလစ်ပေါင်း ၂၀၀၊ ပစ္စည်းသက်သေ ၈၀ ခုကို စစ်ဆေးခဲ့ပြီး ရလဒ်ပေါင်း ၄၇ ခု ထွက်ရှိခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက်တွေဟာ ခိုင်မာတဲ့အတွက် အမှုတွဲ မှန်ကန်မှုပေါ် စိတ်ချယုံကြည်ကြောင်း၊ စစ်ဆေးချက်တွေပေါ် မူတည်ပြီး လှေစီးဖော် ၅ ဦးနဲ့ အကြံပေးသူ ၁ ဦး စုစုပေါင်း ၆ ဦးတို့ကို တရားစွဲထားတယ်လို့ တိုင်းဒေသ ၁ ရဲမှူးကြီး ကျီလဖတ် ဖူမိကျစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ၆ ဦးမှာ လှေပိုင်ရှင် ဟိုက်ဇိုးပေါ၊ လှေမောင်းသူ ရောဘတ်၊ တိုင်မိုရဲ့ ကိုယ်ရေးအတွင်းရေးမှူး ကသစ်၊ လှေပေါ်အတူစီးလာတဲ့ မိန်းမလျာ ဆဲန်း နဲ့ ကျွပ့်၊ သူတို့လွတ်မြောက်ရေး လီဆယ်အကြံအစည်ပေးခဲ့တဲ့ အဲမ်ဆိုသူ အမျိုးသား ၁ ဦးတို့ ပါဝင်ပါတယ်။
တိုင်မို သေဆုံးမှုဟာ လူသတ်မှု မဟုတ်ကြောင်း၊ လှေပေါ်ပါသူတွေရဲ့ ပေါ့ဆမှုကြောင့် ရေထဲပြုတ်ကျ အသက်ရှူမရလို့ သေဆုံးရကြောင်း၊ လှေစီးစဉ် အားလုံး အရက်မူးနေကြပြီး မမှန်မကန်ထွက်ဆိုမှု ရှိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
အမှုတွဲအားလုံးကို ခရိုင်တရားရုံးကို ပို့လိုက်ပြီး အမှုကို ဘယ်လို စီရင်ဆုံးဖြတ်မလဲ ဆိုတာတော့ တရားရုံးပေါ် မူတည်တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။ အမှုစစ်ဆေးချက်နဲ့ သုံးသပ်ချက်တွေကိုလည်း ဗွီဒီယိုဖိုင်နဲ့တကွ ရှင်းလင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ပေါ်မှာ တိုင်မိုရဲ့ အပေါင်းပါနဲ့ ပရိသတ်အများစုကတော့ လက်ခံနိုင်ခြင်း မရှိပါဘူး။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ မတရားမှုကြောင့် သားကောင်ဖြစ်ရသူတွေ ကာကွယ်ပေးတဲ့ ရှေ့နေအဖွဲ့က သူတို့လူမှုကွန်ရက်မှာ တန်ပြန်မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။
တိုင်မိုအမှုမှန်ပေါ်ပေါက်ရေး တောက်လျှောက်လှုပ်ရှားနေတဲ့ ရှေ့နေ နိုင်းအာချရိယ လိုတ့်ရတ်တန ဖုန်းက “ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သံသယတွေ အများကြီးရှိနေတယ်။ တိုင်မို ရေထဲကျသွားတယ်၊ လှေအမြီးပိုင်းကနေ ကျသွားတာဆိုပေမဲ့ ထင်ရှားတဲ့ သက်သေ မပြနိုင်ဘူး။ သူ့ဆီမှာရှိတဲ့ ဗွီဒီယိုကလစ်တခုတည်း အဲဒီမှာ လှေအမြီးပိုင်းမှာ ဘယ်သူမှ ထိုင်မနေဘူး။ ရဲက မထင်မရှား အရာတခုကို တိုင်မို ကျတာပါဆိုပြီး ပြည်သူကို မလိမ့်တပတ် ပြောတယ်။ သူဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ပြုတ်ကျတာကို ဆဲန်းရဲ့ထွက်ဆိုချက် တခုတည်းနဲ့ အတည်ပြုတယ်။ အခြားသက်သေမရှိဘူး” လို့ ဆိုပါတယ်။
ရှေ့နေတဦးကလည်း “တိုင်မိုရဲ့ ညာဘက်ပေါင်ပေါ်က ခြစ်ရာဟာ ပန်ကာဒလက်နဲ့ထိတာလို့ ရဲပြောတယ်၊ သူက လှေရဲ့ ညဘက်ကနေ ပြုတ်ကျတယ်။ ပန်ကာက လှေအောက် ဘယ်ဘက်မှာ ဘယ်လိုလုပ်ခြစ်မိတာ ဆက်စပ်လို့မရ၊ တကယ်တမ်း ပန်ကာဒလက်နဲ့ခြစ်မိရင် ဒဏ်ရာက ပိုကျယ်ပြန့်ပြီး ဒီထက်ကြီးမားနိုင်တယ်။ အခုဒဏ်ရာသည် သိပ်မနက်ဘဲ အနားတွေ သပ်ရပ်နေတာ။ ဒေါက်တာဖွန်းထစ်လည်း ပြောတယ်။ ဒဏ်ရာနဲ့ ပန်ကာဒလက် ဆက်စပ်လို့မရဘူး ဆိုတာ။ အမှုကို မတော်တဆထိခိုက်မှု၊ ပေါ့ဆမှုအသွင်ရောက်အောင် လုပ်ကြံပြောဆိုကြောင်း အမျိုးသား ၂ ဦး အပြန်အလှန် ပြောဆိုနေတဲ့ အသံဖိုင်လည်းရှိတယ်။ ဒါကြောင့် တိုင်မို အသတ်ခံရပြီး အလောင်းဖျောက်ခံရတာ”လို့ ပြောပါတယ်။
တိုင်မိုရဲ့ မိခင်ဖြစ်သူ ဖနိဒါးကတော့ ရဲတွေရဲ့ ထုတ်ပြန်ချက်ကို ယုံကြည်ကြောင်း၊ ဒါဟာ မိသားစုနဲ့သာ သက်ဆိုင်လို့ မဆိုင်သူတွေ အမှုလိုက်တာကို ရပ်တန့်ဖို့ ပြောပါတယ်။
ရှေ့နေအဖွဲ့ကတော့ တိုင်မို သေဆုံးမှုဟာ မိသားစုနဲ့ သက်ဆိုင်တာချည်း မဟုတ်ဘဲ တနိုင်ငံလုံးက အများပြည်သူနဲ့ သက်ဆိုင်တဲ့အမှု ဖြစ်တယ်၊ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။