close

ရေးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်  ရေးမြို့နယ် ကနင်ကမော့ကျေးရွာအနီးမှာ ဧပြီ ၂၇ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီယာဉ်တန်းကြားဖြတ် ချုံခိုတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိတယ်လို့ ရေး PDF မြောက်ပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မော်လမြိုင်ဘက်က ရေးမြို့ဘက်လာတဲ့ စစ်ကောင်စီ ယဉ်တန်း ၆ စီးလောက်ကို သတင်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ရေး PDF တွေ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ညနေ ၄ နာရီလောက်မှာလည်း သံဖြူဇရပ်ဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်း ၇ စီးအား ရေးမြို့နယ် နှင်းစုံကျေးရွာနဲ့ စံပြကျေးရွာအကြားမှာ ရေးမြို့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားဖွဲ့ (YSTF) နဲ့ Ye joker force (YJF) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ ရေး YGF တာဝန်ရှိသူက ပြောပါတယ်။

၅ မိနစ်လောက်အကြာ အပြန်လှန်ပစ်ခတ်ခဲ့ကြပြီးနောက် PDF တပ်စွဲနေရာ ကုန်းမြေအား စစ်ကောင်စီတပ်က နေရာသုံးနေရာကနေ ပိတ်ဆို့ကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့သလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ရေး YGF က ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း ရာဘာခြံတခုမှာ အငှားလုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်သင့်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မနက်ပိုင်းကလည်း ကနင်ကမော့ နဲ့ မော့ကနင်ရွာကြား မိုင်တိုင် ၇၀ အနီး မှာ စစ်ယာဉ််တန်း ၆ စီးကို KNLA တပ်ဖွဲ့က စောင့်ဆိုင်း ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃၀ ဦးထက်မနည်း သေးဆုံးပြီး အမျာအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ် အောင်သပြေရွာ၊ လိမ္မော်ခြုံရွာ၊ ကနင်ကမော့ရွာ၊ နှင်းစုံရွာ တွေနားမှာ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်နေကြတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up