close

သထုံမြို့နယ်၊ ပိန္နဲတောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေ၊ ၆ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ  စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂၊ PDF တပ်ရင်း ၂ နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

တနာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပိန္နဲတောကျေးရွာက စစ်ကောင်စီ ရှေ့တန်းတပ်စခန်းမှာ တပ်အင်အား ၁၀၀ လောက်ရှိပြီး ကျေးရွာတွေထဲကို လက်နက်ကြီး‌‌တွေ မကြာခဏ ပစ်ခတ်နေတဲ့ တပ်စခန်းတခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား  စစ်ရေးအခြေအနေ ပိုမိုတင်းမာလာတာကြောင့် ဘီးလင်းမြို့နယ်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေမှာ ပုန်းခိုနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up