မာရီယူပိုမြို့အနီး ကတုတ်ကျင်းများနှင့် သင်္ချိုင်းအသစ်များ ဂြိုဟ်တုဓာတ်ပုံတွင်မြင်တွေ့ရ

မက်ဇာနည်းပညာကုမ္ပဏီက ဧပြီ ၂၇ ရက်မှာ ဖြန့်ချိလိုက်တဲ့ ယူကရိန်းနိုင်ငံကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲ မာရီယူပိုမြို့အနားမှာ ကတုတ်ကျင်းတွေနဲ့ သင်္ချိုင်းအသစ်တွေ တူးဖော်ထားတာကို တွေ့ရပါတယ်။
ဧပြီ ၂၅ ရက်က ရိုက်ထားတဲ့ ပုံတွေထဲမှာတော့ ဗီနိုဟရက်ဒညက်သင်္ချိုင်းလို့ သိကြတဲ့ နေရာအနားမှာ အသစ်တူးထားတဲ့ ကတုတ်ကျင်းတွေနဲ့ အနားမှာ အမြောက်တပ် ချထားတာကို မြင် တွေ့ရတာပါ။
မာရီယူပိုမြို့ကို အကျဉ်းချုံးမြင်ရတဲ့ ပုံ ၂ ခုကိုလည်း မက်ဇာက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ဇွန်လတုန်းက ရိုက်ကူးထားတဲ့ပုံနဲ့ ဧပြီ ၂၅ ရက်က ရိုက်ကူးထားတဲ့ ပျက်စီးနေတဲ့ ဆိပ်ကမ်းမြို့ ပုံတွေကို ယှဉ်တွဲ ဖြန့်ချိခဲ့တာပါ။
မြို့အစိတ်အပိုင်း အများအပြားဟာ ရုရှားရဲ့ သီတင်းပတ်ချီ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့တယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။ အရပ်သား အယောက်တသိန်းလောက် မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။
အာဇော့ဗ်စတယ် သံမဏိစက်ရုံထဲမှာ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေ ရာချီပြီး ကျန်နေသေးတယ်လို့လည်း ယုံကြည်ထားပါတယ်။
အာ့ဇော့ဗ်ပင်လယ်ရဲ့ ဗျူဟာမြောက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့ထဲက အခြေအနေဟာ လူသားချင်းစာနာမှုနဲ့ ပတ်သက်တဲ့ ကပ်ဆိုးကြီး ဆိုက်နေသလိုပဲလို့ ယူကရိန်းအရာရှိတွေက ပြောခဲ့ပါတယ်။