မိုးကုတ်မြို့တွင် လူငယ်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်က ဆိုင်ကယ်ဝပ်ရှော့လုပ်နေတဲ့ လူငယ်တဦးကို ဧပြီ ၂၈ ရက် နေ့ခင်းပိုင်းက အလုပ်လုပ်နေတဲ့နေရာမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူဆီက ပြောပါတယ်။
"သူ့အမေကို လာမေးတာ၊ သူရထွန်း ဘယ်မှာလဲဆို မေးတော့ သူ့အမေက လက်ညှိုးထိုးပြလိုက်တာ၊ တခါတည်းဖမ်းသွားတယ်။"
စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာနဲ့ ဘယ်ကိုဖမ်းသွားတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၇ ရက်နေ့ကလည်း NLD ပါတီဝင်တဦးဖြစ်တဲ့ ကိုထက်ဇော် နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး နေထိုင်သူတွေ မရှိတာကြောင့် ဖမ်းဆီးခံရသူ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။