close

လောင်းလုံး၌ ပျူစောထီးအဖွဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာ ဧပြီ ၂၈ ရက် ည ၉ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင်တွေဟာ နေအိမ်တွေအထဲထိ ဝင်ရောက်ပစ်ခတ်တာကြောင့် ပြည်သူ ၂ ‌ယောက် သေဆုံးခဲ့ပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာ အသက် ၅၀ ကျော်အရွယ် ဦးဖေမွန်၊ ဦးကျော်ထွေးနဲ့ အသက် ၇၀ အရွယ် ဦးဖေသန်းတို့ ဖြစ်ကြပြီး ဦးကျော်ထွေးနဲ့ ဦးဖေသန်းတို့ကတော့ ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဦးဖေမွန်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအနေနဲ့ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေက ပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “ပစ်တာက အိမ်တံခါးကန်ဖွင့်ပြီးတောင် ဝင်ပစ်သွားတာ။ ပစ်ခံရတဲ့သူတွေက အေးအေးဆေးဆေးနေပြီး ရပ်ကျိုးရွာကျိုးလုပ်နေတဲ့ သူချည်းပဲ။ အသက်လည်း ကြီးနေကြပြီ” လို့ ဆိုပါတယ်။

ပန္ဒလဲရွာမှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦး ရှိပြီး ကျေးရွာက အိမ်တွေမှာ လစဥ်ဆက်ကြေးကောက်တာ၊ ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တာ၊ အကြောင်းမဲ့ သေနတ်ပစ်ခတ်တာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်း ပေးထားတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပေမဲ့ စစ်ကောင်စီတပ်ကနေ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ နိုင်ငံအနှံ့ရှိနေပြီး အခုလို သတ်ဖြတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်တာ၊ အားပေးပါဝင်ကူညီတာ လုပ်တဲ့သူတွေကို တရား ဥပဒေအရ၊ စစ်ရေးအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တာကြောင့်  ပျူစောထီးနဲ့ ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေထံ လက်နက်အပ်နှံကာ အချိန်မီပူးပေါင်းဖို့ ဧပြီ ၂၇ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up