ပြည်သူ့လုံခြုံရေးစနစ် လုပ်ဆောင်နေပြီး လိုအပ်တာ ပံ့ပိုးပေးမည်ဟု စစ်ကောင်စီပြော

ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေပြီး လိုအပ်တာအားလုံး ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တရားဝင်ဖွဲ့စည်းထားတာ ပြည်သူ့စစ်ပဲ ရှိတယ်လို့လည်း ဆိုပါတယ်။
တချို့ဒေသတွေမှာ စစ်တပ်ဟာ သူတို့ဩဇာခံ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးပြီး သူတို့ကိုယ်စား အကြမ်းဖက်ခိုင်းနေတာမျိုးတွေရှိပြီး ဒါကို ပြည်သူတွေက တန်ပြန်လုပ်လာတာတွေ ရှိတယ်ဆိုပြီးတော့ သူရိယနေဝန်းဂျာနယ် သတင်းထောက်က သူ့ရဲ့မေးခွန်းထဲမှာ ပြောဆို မေးမြန်းပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့တွေဟာ စိတ်ဓာတ်ပဲရှိပြီး လက်နက်မရှိတာကြောင့် ထင်တိုင်းမကြဲရကြောင်းလည်း သတင်းထောက်က စကားဦးသန်း မေးမြန်းခဲ့တဲ့အပေါ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်” လို့ ဖြေပါတယ်။
စစ်တပ်၊ ရဲ၊ ရပ်ရွာလုံခြုံရေး အထောက်အကူပြုအဖွဲ့နဲ့ ပြည်သူတွေပါတဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေပြီး ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့လည်း သူကဆိုပါတယ်။
ဒီလိုမျိုး ပြည်သူ့လုံခြုံရေးစနစ်ကို တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ ဆောင်ရွက်နေတာရှိသလို အာဆီယံနိုင်ငံတွေမှာလည်း ဖိလစ်ပိုင်၊ ဗီယက်နမ်တို့မှာ ကျင့်သုံးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြီး အခု မြန်မာနိုင်ငံမှာ လုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မပြောပါဘူး။
အခုရက်ပိုင်းအတွင်းမှာတော့ အနီရောင် သွေးသောက်အဖွဲ့ဆိုပြီး အန်အယ်လ်ဒီ ထောက်ခံသူတွေနဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်နေပေမဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူတာ မရှိပါဘူး။