ဘရာဇီးသမ္မတဟောင်း လူလာ၏ အဂတိအမှု ကိုင်တွယ်ရာတွင် ဥပဒေနှင့်မညီကြောင်း တွေ့ရှိ

ဘရာဇီးနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရာရှိတွေဟာ သမ္မတဟောင်း လူဝစ် အင်တာစီယို လူလာ ဒီ ဆေးဗားနဲ့ ပတ်သက်တဲ့အမှုကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ ဥပဒေနဲ့ မညီတာ တွေ့ရှိရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ ဆောင်ရွက်ခဲ့တာကြောင့် သမ္မတဟောင်း လူလာဟာ ထောင်ဒဏ်ချမှတ်ခံရရုံမက ၂၀၁၈ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်ကြောင့် လူလာအတွက် နိုင်ငံရေး အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ ကုလသမဂ္ဂ ကော်မတီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မနှစ်တုန်းက ဘရားဇီးနိင်ငံရဲ့ အမြင့်ဆုံး တရားရုံးက သမ္မတဟောင်းကို အဂတိမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပြီး လာမယ့် အောက်တိုဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြန်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို အခု ကုလသမဂ္ဂ တွေ့ရှိချက်က ပြန်ပြီး ထင်ဟပ်လိုက်တာပါ။
ထောင်ထဲမှာ တနှစ်ခွဲ နေခဲ့ရတဲ့ သမ္မတဟောင်း လူလာက ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ဟာ သူ့ကို လိပ်ပြာလုံစေတယ်လို့ ပြောပါတယ်။
သမ္မတဟောင်း လူလာဟာ အောက်တိုဘာ ရွေးကောက်ပွဲကျရင် လက်ယာစွန်းဝါဒီ လက်ရှိသမ္မတ ဘိုလ်ဆိုနာရိုနဲ့ အပြိုင် ရွေးကောက်ခံဖို့ ပြင်ဆင်နေပါတယ်။အကြိုစစ်တမ်းတွေမှာတော့ လက်ဝဲယိမ်း သမ္မတဟောင်း လူလာက လက်ရှိသမ္မတထက် အသာစီးရနေတာ တွေ့ရပါတယ်။
လူလာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဘရာဇီးသမ္မတ ဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ကောင်းမွန်ခဲ့သလို ပြည်သူတွေ သန်းပေါင်းများစွာ ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် နိုင်ငံကို ဦးဆောင်မှုပေးခဲ့သူ ဖြစ်ပါတယ်။