လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဥပဒေ အင်ဒိုနီးရှားလွှတ်တော် အတည်ပြု

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပေါ် ဖြေရှင်းဖို့နဲ့ တရားမျှတမှု ရရှိစေဖို့ ကာလကြာရှည် အငြင်းပွားနေတဲ့ ဥပဒေကြမ်းတခုကို အင်ဒိုနီးရှားလွှတ်တော်က ဧပြီ ၁၂ ရက်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။
လိင်ပိုင်းအလွဲပြုကျင့်မှုတွေကို ပုဂ္ဂလိက လွတ်လပ်ခွင့်အဖြစ် ယူဆပြီး အရေးမယူဘဲ နေလာခဲ့တဲ့ အင်ဒိုနီးရှားမှာ အခု ထိထိရောက်ရောက် အရေးယူဖို့ သမိုင်းဝင်ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့တာပါ။
ကမ္ဘာ့ မွတ်ဆလင်လူဦးရေ အများဆုံးနိုင်ငံမှာ ကွန်ဆာဗေးတစ် အုပ်စုတွေရဲ့ ၆ နှစ်လောက် ဆန့်ကျင်နေမှုကို ကျော်လွန်ပြီး လွှတ်တော်အမတ်အများစုက ဥပဒေကို အတည်ပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဥပဒေကြမ်းမှာ အိမ်ထောင်တွင်း အိမ်ထောင်ပြင်ပ ရုပ်ပိုင်းဆိုင်ရာ လိင်အလွဲပြုကျင့်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်၊ လိင်ပိုင်း အမြတ်ထုတ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်၊ အတင်းအကျပ် လက်ထပ်ခိုင်းတာနဲ့ ကလေးလက်ထပ်ခိုင်းတာတွေ အတွက် ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။
တက်ကြွလှုပ်ရှားသူ အတော်များများက ဥပဒေကြမ်းကို ကြိုဆိုခဲ့ပေမဲ့ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်တဲ့ တချို့စာပိုဒ်တွေ ချန်လှပ်ထားမှုကြောင့် အားရမှုတော့ မရှိပါဘူး။