ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က လူငယ်များကို ပစ်ခတ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ဆေးရေးဂိတ်အနီးမှာ ဧပြီ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ ဗန်းမော်မြို့အထွက်က လုံခြုံရေး စစ်ဆေးရေးဂိတ်ရှေ့ကနေ ဖြတ်သန်းသွားတဲ့ လူငယ်အဖွဲ့ကို လိုက်လံပစ်ခတ် ဖမ်းဆီးရာမှာ လူငယ်တယောက် ဖမ်းမိသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "မနက်အစောပိုင်း ၇ နာရီလောက်မှာ လူငယ်အဖွဲ့က ငါးဦးလောက်က စစ်ဆေးရေးဂိတ်ရှေ့မှာ ဘာသွားပြောလဲ မသိဘူး။ စစ်တပ်က သေနတ်နဲ့လိုက်ပစ်တာ ထွက်ပြေးသွားတယ်။ လူငယ်တဦး မိပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၀ အရွယ်လောက်ရှိ လူငယ်ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာ ချုပ်နှောင်ထားလဲဆိုတာ မသိရဘူးလို့လည်း တခြားဒေသခံတဦးက ပြောပါတယ်။
"အဖမ်းခံရတဲ့ လူငယ်ကောင်လေးကို ဘယ်မှာဖမ်းထားလဲဆိုတာ မသိရဘူး။ ရဲစခန်းမှာတော့ ဖမ်းဆီးထားတာ မရှိဘူး" လို့ ရဲစခန်းနဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။
ဗန်းမော်မြို့မှာ မတ် ၂၈ ရက်က စစ်ကောင်စီယာဉ်တန်း ကင်းလှည့်လာချိန် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက် သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။