close

နွားထိုးကြီး မင်းစုံတောင် ရှောတောရိုးကွေ့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကနေ ပြင်စည်ကျေးရွာကို ဦးတည်သွားနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ယောက်လောက် လိုက်ပါလာတဲ့ စစ်တပ်သုံးအစိမ်းရောင် ဖိုးဝှီးကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကို နွားထိုးကြီးမြို့နယ် မင်းစုံတောင် ရှောက်တောရိုးကွေ့မှာ ဧပြီ ၃၀ ရက်နေ့ မနက် ၈ နာရီလောက် နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စုစုပေါင်းမိုင်း ၁၂ လုံးဆွဲခဲ့တာဖြစ်ပြီး အရင်ဆုံး မိုင်း ၄ လုံးတွဲကို ခွဲခဲ့ပြီး ကားထိုးရပ်သွားလို့ စစ်ကောင်စီအဖွဲ့ဝင်တွေ ကားပေါ်က ဆင်းကာ ရမ်းသန်း ပစ်ခတ်ခဲ့တဲ့အချိန်မှာ ၈ လုံးတွဲ ပဒေသာမိုင်းကို ထပ်မံဖောက်ခွဲခဲ့တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

“၂၇ ရက်နေ့က ပြင်စည်ရွာစာသင်ကျောင်းမှ တပ်စွဲထားတဲ့တပ်ကို လက်နက်ကြီး တလုံးထုတယ်။ ထုတော့ကျတော့ အဲ့ကောင်တွေဘက်က သုံး ယောက်ထိတယ်။ နှစ် ယောက်ကျတယ်။ အဲဒါကို စစ်ကူလာမယ်ထင်ပြီးတော့ အဲနေ့ကတည်းက ကျနော်တို့က အဲဒီလမ်းပေါ်မှ‌ေပေါ့နော် ပွိုင့်တင်ထားတာပေါ့။ ပွိုင့်တင်ထားတဲ့ဟာကို ဒီနေ့မှ လာလို့ ခွဲလိုက်တာ။ ကားတစီးကတော့ မိုးကာတွေ မီးလောင်ပြီး မှန်တွေရောပွင့်သွားတယ်” လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ် (NPDF) အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးလောက် သေဆုံးထိခိုက် ဒဏ်ရာရနိုင်တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုခဲ့ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မိုင်းဆွဲခံရတဲ့ကားကို နွားထိုးကြီးမြို့ဘက် ပြန်လည်မောင်းယူရာ ခက်လန်းရွာအနီး ထိုးရပ်သွားခဲ့တာကြောင့် ကားတစီးခေါ်ကာ ပြန်လည်ဆွဲယူသွားခဲ့ရတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

မနေ့မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်လောက်မှာပဲ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တောင်သာမြို့နယ် ရဲစခန်းကို ၄၀ မမ နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

“နွားထိုးဘက်မှာ ပွဲကြမ်းနေတယ်။ အဲဘက်ကို အလုံးအရင်းနဲ့တက်တယ်ဆိုတော့ ကျနော်တို့က ဒီဘက်ကနေပြီးတော့ စစ်ကူသဘောမျိုးနဲ့ပေါ့နော်။ ထွက်သွားပြီးတော့ ရဲစခန်းနဲ့ ပေ ၂၀၀ ဝန်းကျင်လောက်ကနေပြီးတော့ သေချာချိန်ပြီးတော့ ပစ်တာပေါ့။ မြင်လည်းမြင်နေရတာပေါ့။ ရဲစခန်း နှစ်ထပ်ဆောင် လိုင်းခန်းမြောက်ဘက်ခြမ်းကို သေချာချိန်ပြီးတော့ ပစ်တာပေါ့။ ထိခိုက်မှုကတော့ ဖြစ်နိုင်တာကတော့ ၄ ယောက်လောက်လို့တော့ အတွင်းသတင်းအရ အဲလိုတော့ရတယ်။ ဒါပေမယ့် စခန်းကြီးဖြစ်နေတဲ့အတွက် Confirmed ကြီးထိအောင်တော့ မရဘူး” လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဇင်ယော်က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲစခန်းဟာ တောင်သာမြို့ တောင်ဘက် မိတ္ထီလာဘက်ကို ထွက်တဲ့ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားတဲ့ ဘိုးဘွားရိပ်သာနဲ့ ကိုက် ၂၀၀ ကျော်လောက်သာ ဝေးတယ်လို့လည်း သိရပါတယ်။

တောင်သာမြို့ထဲမှာတော့ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ရန်ဖြစ်ပစ်ခတ်တယ်လို့ စစ်ကောင်စီအဖွဲ့က သတင်းလွှင့်ထားကြောင်း တောင်သာမြို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up