သံတောင်မြို့ ၁၁ မိုင်ကုန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၁ မိုင်ကုန်းအနီးမှာ ဧပြီ ၂၀ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းကြောင်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ခြေကျင်လျှောက် ကင်းလှည့်နေစဉ် KNLA ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၂ ယောက်ကို သူတို့ကိုင်ဆောင်တဲ့ လက်နက် ၂ လက်နဲ့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အနီးနားက ဥယျာဉ်ခြံလုပ်ကိုင်နေသူတဦးက “ကျနော်ခြံထဲမှာ ရှိနေတုန်း မိုင်းကွဲတဲ့အသံက အကျယ်ကြီးပဲ။ စစ်သားနှစ်ယောက် လမ်းလုံခြုံရေးအတွက် ကင်းလှည့်နေတုန်း မိုင်းဆွဲခံရတာလို့ ကြားတယ်။ နှစ်ယောက်စလုံး သေတယ်။ ဒေသခံတယောက်တော့ ဆိုင်ကယ်နဲ့ ဖြတ်သွားတုန်း မိုင်းထကွဲတော့ အနည်းငယ်ထိသွားတယ် သိရတယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်က ဥယျာဉ်ခြံတွေအတွင်း လှည့်လည်စစ်ဆေးတာတွေ၊ လမ်းမကြီးကို ပိတ်ဆို့ပြီး သွားလာနေတဲ့ လူနဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် တပိုင်တနိုင် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာ၊ တဲတွေကို မီးရှို့ဖျက်ဆီးမှာကို စိုးရိမ်နေရတယ်လို့ ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခဏ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။