ယူကရိန်း၏စစ်ရေးပစ်မှတ် ၁၇ ခုကို ပစ်ခတ်ခဲ့ဟု ရုရှားပြော

ရုရှားစစ်တပ်က ယူကရိန်းရဲ့ စစ်ရေး ပစ်မှတ် ၁၇ ခုကို ဖျက်ဆီး ပစ်နိုင်လိုက်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ဧပြီ ၃၀ ရက်မှာ ပြောပါတယ်။
စစ်ဆင်ရေးဌာနတခုနဲ့ အမြောက်တွေ၊ လောင်ချာတွေ သိုလှောင်ထားတဲ့ လက်နက်တိုက်တခုကို လည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီဂေါ ကိုနာရှန်ကော့ဗ်က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ယူကရိန်း စစ်သား ၂၀၀ ကျော် ကျဆုံးပြီး၊ စစ်ကား ၂၃ စီးလည်း ပျက်စီး သွားတယ်လို့ ဆိုပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကီယက်ဗ်ကို ၂ လကျော်ကြာ တိုက်ခိုက်နေတာ မအောင်မြင်တဲ့နောက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို သိမ်းယူဖို့ တိုက်ခိုက်နေတာပါ။
ဒီစစ်ပွဲအတွင်း မြို့တွေ ပျက်စီးပြီး၊ လူထောင်ချီ သေဆုံးကာ၊ ယူကရိန်း ပြည်သူ ၅ သိန်းလောက် ပြည်ပနိုင်ငံတွေကို ထွက်ပြေးသွားရပြီး ဖြစ်ပါတယ်။
ယူကရိန်းကို အမေရိကန်နဲ့ မဟာမိတ်အနောက်နိုင်ငံတွေက စစ်ရေး အကူအညီတွေ ပေးနေပေမယ့် ရုရှားရဲ့ ကြီးမားတဲ့ ထိုးစစ်ကို ကြာရှည် ရင်ဆိုင်နိုင်ဖို့ဆိုရင် နောက်ထပ် အကူအညီ တွေ အများကြီးလိုသေးတယ်လို့ ယူကရိန်း သမ္မတက ပြောပါတယ်။
အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မြို့ငယ်တွေနဲ့ ရွာတွေကို ရုရှားတပ်က သိမ်းပိုက်ထားတဲ့အကြောင်း ယူကရိန်းဘက်က အတည်ပြုပါတယ်။
ဒါပေမယ့် ဒီလိုသိမ်းယူတဲ့ တိုက်ပွဲမှာ ရုရှားဘက်က အကျအဆုံး အလွန်များတယ်လို့လည်း ယူကရိန်းဘက်က ပြောပါတယ်။