close

ဧပြီနောက်ဆုံးပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၂၄ ဦး သေဆုံးဟု KNDF ထုတ်ပြန်

ဧပြီနောက်ဆုံးပတ်တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၂၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရ ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ လွိုင်ကော်မြို့နယ်၊ လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် (KA) နဲ့  KNDF တို့က အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးရဲ  ၇ ယောက်ကို သေနတ် ၇ လက်၊ ကျည်တချို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီရဲတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ကရင်နီပြည်ရဲဌာန (KSP) ဆီကို လွှဲအပ်ထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာ ဧပြီ ၂၂ ရက်နဲ့ ၃၀ ရက်တို့က ထားလဲကျေးရွာနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကြောင်းတွေ တပ်ဆုတ်ခဲ့ရပြီး ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တို့ကလည်း ဖရူဆိုမြို့နယ် လောကျေခူရွာသစ် ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဧပြီ ၂၆ ရက်နေ့က ဖရူဆိုမြို့နယ်အခြေစိုက် ခမရ-၄၂၈ နဲ့ ဖရူဆိုမြို့မ ရဲစခန်းတို့ကို KNDF နဲ့ ဖရူဆို PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၂၈ ရက်နေ့က ဖရူဆိုမြို့နယ် တနောကလောကျေးရွာနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာလည်း ဧပြီ ၂၀ ရက်ကစလို့ ဒေါခမီးကျေးရွာနဲ့အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အပြင်းအထန်တိုက်ခိုက်နေသလို ကုန်းသာ၊ ဒေါငံခါးနဲ့ ခေါက်ပလော့ရပ်ကွက်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်း တပ်များတွေက တိုက်ခိုက်လို့ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဧပြီ နောက်ဆုံးအပတ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၄ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးတိုက်ပွဲတွေမှာ KNDF ဘက်က ရဲဘော် ၂ ယောက် ကျဆုံးပြီး ကရင်နီအမျိုးသား အာဇာနည် သူရဲကောင်းဆွေအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့ ထုတ်ပြန်ပါတယ်။

ဧပြီ နောက်ဆုံးအပတ်မှာ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံကနေ ဒေါငံခါးနဲ့ ခေါက်ပလော့ကျေးရွာအထိ နယ်မြေထိန်းချုပ်နိုင်ရေးနဲ့ အကြမ်းဖက် နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေပေမယ့် ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်တာကိုခံနေရလို့ အထိနာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ပင်လောင်းဘက်ကလည်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်လာနေပြီး မိုးဗြဲမြို့အထွက်မှာ KNDF ရဲ့ပြောက်ကျားတိုက်ခိုက်တာ ခံခဲ့ရသလို စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်၊ ထားလဲကနေဘဘောလခဲမြို့နယ်၊ နန်းဖဲဘက်ကိုထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up