ပေါက်မြို့နယ်တောင်ပိုင်းတိုက်ပွဲများ၌ တလအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီအတွင်း SPGF ပြောက်ကျားတပ်အပါအဝင် ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ၇ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF ကနေ သိရပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီ ၆ ရက်မှ ၂၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ၊ ရဲနဲ့ ပျူစောထီး အယောက် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ SPGFရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်နိုင်က ပြောပါတယ်။
အဲဒီထဲမှာ အကြီးမားဆုံးအောင်မြင်မှုကတော့ ဧပြီလ ၆ ရက်နေ့က ပေါက်PDFတပ်ရင်း ၄ ၊YRF တို့နဲ့အတူ စစ်ကောင်စီရဲ့ ကပစက လက်နက်ခဲယမ်းကုန်ကြမ်း တင်ဆောင်လာတဲ့ တွဲကား ၂ စီးကို သိမ်းပိုင်နိုင်ခဲပြီး အရာရှိတယောက် အပါအဝင်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ယောက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ ယမ်းတမျိုးတည်း ထည့်ပြီး အသုံးပြု ပစ်ခတ်လို့ရတဲ့ ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ ကုန်ကြမ်းအခွံ အများအပြားပါဝင်တာကြောင့် စစ်ကောင်စီလက်ထဲကို ပြန်မရောက်အောင် SPGF ထိန်းချုပ်နယ်မြေကနေတဆင့် လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ပေးခဲ့ကာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေက ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြောပါတယ်။
ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ အနေနဲ့ ကျေးရွာ ၁၅ ရွာကို နယ်မြေစိုးမိုးမှု ရယူထားပြီး ကင်းတွေ မိုင်းကင်းတွေ ချထားကာ ပြည်သူလူထုအတွက် လုံခြုံးရေးဆောင်ရွက်ပေးနေသလို စစ်ကောင်စီစစ်ကြောင်းထိုးလာရင်လည်း ပြည်သူလူထုကို ဘေးကင်းတဲ့နေရာတွေကို ပို့ဆောင်ပေးနိုင်အောင် လုပ်ဆောင်ပေးရတယ်လို့ ဆိုပါတယ်။
ပြည်သူလူထုထဲက နာမကျန်းဖြစ်တဲ့ သူတွေကိုလည်း SPGF ကတတ်နိုင်သလောက် ဆေးကုသပေးတာတွေ ဆေးဝါးအထောက်ပံ့တွေနဲ့ စားနက်ရိက္ခာတွေ မျှဝေပေးသလို မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ တတ်နိုင်သရွေ့ထောက်ပံ့ကူညီပေးကြဖို့ကိုလည်း ကကူညီတောင်းခံထားပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းမှာ ညီနောင်မဟာမိတ်တွေဘက်က ရဲဘော်တစ်ယောက် တစ်တောင့်ထိုး စနိုက်ပါ မတော်တဆဖြစ်ပြီး လက်တွေနဲ့ မျက်လုံးကို အနည်ငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးဘဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲ ပြောထားပါတယ်။