စစ်ကောင်စီက ၁ ပတ်အတွင်း ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုပေါင်း ၉၀ ကျော် ကျူးလွန်ဟု NUG ထုတ်ပြန်

စစ်အုပ်စုက နိုင်ငံတဝန်း ပြီးခဲ့တဲ့ ၁ ပတ်တာအတွင်း အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုပေါင်း ၉၀ ကျော် ကျူးလွန်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် မင်းမဲ့စရိုက်ဆန်ဆန် ဉပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။
လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကနေ ၃၀ ရက်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့ကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု ၂၉ ခုအပါအဝင် သတ်ဖြတ်မှု ၁၁ ခု၊ ဖမ်းဆီးမှု ၇ ခုနဲ့ ၄၆ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှု တွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူ ထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။