close

ဘီးလင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၉ လုံးနှင့် ဘုန်ကြီးကျောင်း မီးလောင် ပျက်စီး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် လူနေအိမ် ၉ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက  ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လေးကေကျေးရွာကို မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုက်လေယာဉ် အပါအဝင် ရဟတ်ယာဉ်တွေ အသုံးပြုပြီး သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လေးကေကျေးရွာက လူနေအိမ် ၉ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင် ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) သထုံခရိုင် ပဒိုစောစိုးမြင့်က ပြောပါတယ်။

ဒါအပြင် အဝိုင်းခံထားတဲ့ စစ်ကောင်စီ လေးကေစခန်းနဲ့ ကရင်ပြည်နယ် ကမမောင်းရှိ စစ်ကောင်စီစခန်း‌တွေကနေ လေးကေကျေးရွာ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

မေ ၂ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီဘက်က စခန်းမဆုတ်ဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘီးလင်းမြို့နယ်ရှိ လေးကေ၊ ဝင်းတာပန်၊ မြစ်ကျိုးအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံပြည် ၇၀၀၀ ကျော် နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရသလို ဆေးဝါးနဲ့ စားနှပ်ရိက္ခာအကူအညီတွေ လိုအပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up