တရုတ် ဝေဟင်ပစ်ဒုံးကျည်နှင့် စစ်ဘက်သုံး လက်နက်ကြီးများ ဆားဘီးယား ပြသ

ဆားဘီးယားနိုင်ငံဟာ ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ ရုရှားနဲ့ အနောက်နိုင်ငံတွေကနေ ဝယ်ထားတဲ့ စစ်ဘက်သုံး တခြား လက်နက်ကြီးတွေကို ဧပြီ ၃၀ က ခင်းကျင်း ပြသလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် ဟန်ချက်ညီညီ တုံ့ပြန်ဖို့ သိမ်သိမ်မွေ့မွေ့ လုပ်ပြလိုက်တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဘယ်လ်ဂရိတ်မြို့တော်က ဘာတာ့ချ်နီကာ စစ်လေယာဉ်ကွင်းမှာ ခင်းကျင်းပြသတဲ့ ဒီပွဲကို နိုင်ငံပိုင်နဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို ဖိတ်ကြားခဲ့ပါတယ်။
ရုရှားလုပ် မစ်တွမ်တီနိုင်း ဂျက်လေယာဉ်တွေ၊ တရုတ်လုပ် လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်တွေ၊ အဲဘတ်စ် AIR.PA ရဟတ်ယာဉ်တွေ၊ တရုတ်နဲ့ ပြင်သစ်လုပ် ဒုံးကျည်တွေကို စစ်လေယာဉ်ကွင်းထဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။
ဆားဘီးယားနိုင်ငံဟာ ဘာသာရေး၊ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ရုရှားနဲ့ ရာစုနှစ်ချီ မိတ်ဖက် ဖြစ်ခဲ့ပေမယ့် ဥရောပသမဂ္ဂကို ပူးပေါင်းဖို့၊ နေတိုးနဲ့ မိတ်ဖက် ဆက်ဆံရေး ဟန်ချက်ညီဖို့ ကြိုးစားနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်လုပ် ပက်ထရီရော့စနစ်၊ ရုရှားလုပ် S-300 စနစ်တို့နဲ့ ဆင်တူတဲ့ တရုတ်လုပ် FK-3 မြေပြင်က ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဆားဘီးယားအစိုးရက ၂၀၁၉ ခုနှစ်မှာ ဝယ်ခဲ့ပြီး ဒီလအစောပိုင်းက ဆားဘီးယားနိုင်ငံဆီ ရောက်လာခဲ့တာပါ။
ဆားဘီးယားဟာ လက်ရှိမှာ တရုတ် ဒုံးကျည်စနစ်နဲ့ CH-92A တိုက်ခိုက်ရေး ဒရုန်းယာဉ်တွေကို သုံးတဲ့ တခုတည်းသော ဥရောပနိုင်ငံ ဖြစ်နေပါတယ်။