ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်တချို့ကို ပစ်ခတ်ဖမ်းဆီး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၅၇ လမ်းနဲ့ ၅၈ လမ်း ၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းဝန်းကျင်မှာ မေလ ၃ ရက် နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးလို့ လူငယ်တချို့ သေဆုံး ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က “နေ့လယ်က အရပ်ဝတ်တွေရော ယူနီဖောင်းတွေရော ကားတွေနဲ့ ရောက်လာတယ်။ အဲဒီနောက် ပစ်ခတ်သံတွေကြားရတယ်။ မမြင်ရတော့ ဘယ်သူတွေ ထိလဲတော့ မသိဘူး။ နောက်ပြီး ၅၈ လမ်းဘက်မှာလည်း ပိတ်ဆို့ပြီး ကား ဆိုင်ကယ်တွေ ပြန်လှည့်ခိုင်းတယ်” လို့ ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် လူငယ် ၃ ယောက် သေဆုံးကာ ၁ ယောက် ဖမ်းဆီးရမိထားတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြရေးသားတာတွေရှိနေပေမဲ့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို ဘာကြောင့် ပစ်ခတ်ဖမ်းဆီးတာလဲဆိုတာကိုလည်း မသိရသေးပါဘူး
မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေဟာ လမ်းဆုံလမ်းခွ နေရာတိုင်းမှာ ဆိုင်ကယ်၊ ကားတွေ ရပ်တန့် စစ်ဆေးတာတွေ တိုးပြီးလုပ်ဆောင်နေပါတယ်။