close

ဖာပွန်ခရိုင်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စပါးကျီနှင့် ဆန်စက် မီးလောင်ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ဖာပွန်(မူတြော် )ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာမှာ မေ  ၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စပါးကျီးနဲ့ ဆန်စက်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ က ၈၁ မမ ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံစောဖားကယ်ပိုင် စပါးတင်း ၉၀ ပါ စပါးကျီးနဲ့ ဆန်စက်တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင့်စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “စကစ ကပစ်လို့ စပါးကျီနဲ့ ဆန်စက်မီးလောင်သွားတယ်။ လက်နက်ကြီးက နေ့တိုင်းပစ်နေတော့ အဆင်ပြေတဲ့နေရာမှာ တိမ်းရှောင်အိပ်တော့ လူတွေမထိခိုက်ဘူး” လို့ ပြောပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲလောက်က ဖာပွန် (မူတြော်)ခရိုင်၊ လူသောမြို့နယ်၊ ဒေဘုနိုနဲ့ သေကာထာကျေးရွာတွေအပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့သလို  ၁၀ ကြိမ်နီးပါး စက်လက်နဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၄၃၄ တပ်ရင်း အခြေကုပ်စခန်းဖြစ်တဲ့ ကျောက်ညှပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ မဟာမိတ် တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စခန်းအနီးက မယ်ညုထာကျေးရွာကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ BPLA က သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ဖက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ တောတောင်၊ လျှိုမြောင်းတွေအပြင် မြန်မာထိုင်း နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး တောတောင်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျား၊ တုပ်ကွေး၊ နှာစီး၊ ချောင်းဆိုးရောဂါတွေ ခံစားနေရသလို နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်  အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up