close

နန်းထိုက်အောင်စစ်ဆင်ရေး ကော့မှူးနှင့် သန်လျင်တွင်ပြုလုပ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၂ ဦး သေ

ရန်ကုန်တိုင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေးအရ မေလ ၃ ရက် ညနေပိုင်းမှာ  ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတယောက်အပါအဝင်  အနည်းဆုံး ၂ ယောက် သေဆုံးသွားပါတယ်။

ဒီညနေပိုင်းမှာ ကော့မှူးမြို့နယ်နဲ့ သန်လျင်မြို့နယ်တွေမှာ စစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး တယောက် အပါအဝင် ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာအပြင်းထန်ရရှိခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

“မကျီးကန်-ကျိုက်ထော်လမ်းမပေါ် ငှက်အော်စမ်းကျေးရွာနား နယ်မြေရှင်းလင်းဖို့ ကင်းပတ်လာတဲ့ စစ်ကောင်စီကားကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ညနေ ၄ နာရီလောက်က ကြားဖြတ်ဝင်တိုက်တာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူစစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်'' လို့ ပြောပါတယ်။

ဒါ့ပြင် သန်လျင်မြို့နယ်ထဲက ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဝင်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေ ၅ နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်တိုက်ခတ်မှုကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ အသိရသေးပါဘူး။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up