close

မြောက်ဦးမြို့တွင် စစ်ကောင်စီက ဝါဒဖြန့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ NUG၊ PDF အဖွဲ့တွေကို ထောက်ပံ့တာတွေ မပြုလုပ်ဖို့ မေ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ ဝါဒဖြန့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ လက်ကမ်းစာစောင် ဖြန်ဝေတဲ့အထဲမှာ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ ထွေအုပ်၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေ ပါဝင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အတူ NUG၊ PDF အဖွဲ့တွေကို ထောက်ပံ့တာတွေ မပြုလုပ်ဖို့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက "စစ်သား၊ ရဲ၊ မီးသတ်နဲ့ ဌာနပေါင်းစုံက လူတွေက လမ်းသွားလမ်းလာတွေကို မီဒီယာတွေက ဖြန့်နေတဲ့ သတင်းအမှားတွေကို မယုံကြဖို့၊ NUG၊ PDF မထောက်ပံ့ကြဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ လိုက်နာဖို့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတာတွေ ရှိတယ်။ ဒါကတော့ မြောက်ဦးမှာ ပထမအကြိမ် ဖြန့်ဝေခဲ့ကြတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ဝါဒဖြန့်လက်ကမ်းစာစောင်မှာ BBC၊ VOA၊ RFA၊ DVB၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဧရာဝတီ စတဲ့သတင်းဌာနတွေက ထုတ်လုပ်တဲ့ သတင်းတွေကို မယုံကြည်ဖို့ ပါရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးလုပ်စားများနှင့် ပြည်ဖျက်မီလိမ်ညာတို့ ပေါင်းပြီး တိုက်ပွဲသတင်းအတု၊ လုပ်ကြံသတင်းအမှားများ ဖန်တီးကာ ပြည်သူ့ထံမှ မျက်ရည်ချူ အလှူခံစားနေ” လို့ ဝါဒဖြန့်စာရွက်တွေမှာ ရေးသားထားပါတယ်။

ပြည်တွင်းက မီဒီယာတချို့ဟာ ဒေါ်လာရရှိဖို့အတွက်နဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ ပြည်သူတွေရဲ့ အသိဉာဏ် မှိုင်းတိုက်နေတယ်လို့ စစ်ကောင်စီက ဖြန့်ဝေတဲ့ အဆိုပါ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

“NUG ပြည်ပြေးအဖွဲ့ရဲ့ အလုံးစုံပျက်စီးရေး လမ်းစဉ်အရ နိုင်ငံအနှံ့အပြားတွင် တည်ငြိမ်အေးချမ်းပျက်ပြားပြီး ငါတို့နိုင်နေပြီဆိုသည့် လှုံ့ဆော်မှုကို ပြည်သူများ ယုံကြည်လာစေရန်၊ PDF များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ထိခိုက်ကျဆုံးမှုများကို ဖုံးကွယ်၍ နိုင်နေပြီဟု အထင်ဖြင့် စိတ်ဓာတ်တက်ကြွစေရန်နှင့် အဖျက်အလုပ်များ အရှိန်အဟုန် မကျစေရန်၊ PDF များကို အထင်ကြီးလာစေရန်နှင့် ထောက်ပံ့ကြေးများများ ရရှိစေရန်၊ (နစက) အစိုးရ မကောင်းသတင်း အပုဒ်ရေများများရေးပြီး ဒေါ်လာများများ ရရှိစေရန်နှင့် တပ်မတော်မုန်းတီးရေး ဝါဒဖြန့်ရန်” ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမှာ ပါရှိပါတယ်။ 

ရခိုင်ပြည်နယ်မှာ ၂၀၂၂ နှစ်ဆန်းပိုင်းကလည်း ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up