close

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ် ဘန်ကာအတွင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မေ ၃ ရက် နေ့လယ်က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ချခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KSO အဖွဲ့က ပြောပါတယ်။

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတားကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီကား ၃ စီးကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ချခဲ့ပေမဲ့ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်တာကြောင့် KSO အဖွဲ့ရဲ့ ဒရုန်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်း တိုက်ပွဲတွေမှာ ကုန်ကျစရိတ် ရှိခဲ့သလို ဒရုန်းတစင်းလည်း ဆုံးရှုံးခဲ့တာကြောင့် KSO အဖွဲ့အနေနဲ့ Mission တွေကို ယာယီရပ်နားထားမယ်လို့ KSO အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ဒီ Mission ၂ ခုဟာ ကျနော်တို့ KSO အဖွဲ့ရဲ့ နောက်ဆုံး Misson တွေ ဖြစ်ဖို့များပါတယ်။ အင်းပတ်ကျေးရွာအတွင်း တိုက်ပွဲမှာ ပစ္စည်းပစ္စယတန်ဖိုး သိန်းငါးဆယ်ခန့် အသုံးပြုခဲ့ရပါတယ်။ ဒီနေ့လည်း မကြာသေးခင်က ဝယ်ထားတဲ့ သိန်း ၅၀ တန် ဒရုန်း ဆုံးရှုံးခဲ့ရပါပြီ။ ရှေ့ဆက်ဖို့ အခက်အခဲ ဖြစ်နေပါပြီ။ ကျနော်တို့ Local တွေဟာ ဒေသခံတွေ အဆင်ပြေ လှူဒါန်းမှုကြောင့် ရှေ့ဆက်သွားနေရတာပါ။ အခုတော့ ဒေသခံတွေလည်း ပြာပုံတွေကြား ရောက်နေရပါတယ်။ ကျနော်တို့တွေ အားယူပါဦးမယ်ဗျာ။"

မေ ၂ ရက်က ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေ မူးသာကျေးရွာအတွင်း ကား ၃ စီးနဲ့ လှည့်ကာ ညောင်ပင်ကြီးစုဘက် ဆက်သွားရာလမ်းမှာ KSO အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၁ စီး ထိခိုက်ခဲ့ပြီး သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မေ ၂ ရက်နေ့မှာပဲ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ရောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရှေ့ထွက်မိုင်း ၄ လုံး ခွဲခဲ့တာကြောင့် အပြန်အလှန် အနည်းငယ် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မေ ၂ ရက်နေ့က KSO အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ခင်ဦးမြို့နယ် အင်းပက်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ လောက် မေ ၂ ရက်က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ အင်းပက်ကျေးရွာမှာ အိမ်ခြေ ၃၀၅ အိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး ခိုင်းနွား ၁၀ ကောင်၊ စပါးမှုတ်စက်၊ ရေစုပ်စက်၊ ထွန်စက်အလုံး ၂၀၊ဆိုင်ကယ်စက်ဘီး ၄၀ နဲ့ အိမ်ထောင်ပရိဘောဂများစွာ စုစုပေါင်းတန်ဖိုး သိန်းထောင်ချီ ဆုံးရှုံးခဲ့ရတယ်လို့ KSO အဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူတဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးချိန်က စတင်ပြီး အခုအချိန်အထိ အင်းပက်ကျေးရွာကို ၅ ကြိမ်တိတိ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KSO အဖွဲ့နဲ့ ဒေသခံတွေဟာ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာမှာ စစ်ကောင်စီတပ်က ရှို့ခဲ့တဲ့မီးကို မေ ၃ ရက် မနက် ၁၁:၁၀ နာရီအထိ ငြှိမ်းသတ်ခဲ့ရတယ်လို့ KSO အဖွဲ့က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up