close

CDM ရဲများနှင့် ဆက်စပ်မှု စွပ်စွဲချက်ဖြင့် မတူပီ ​ပြည်သူ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်

ချင်းပြည်နယ် မတူပီမြို့နယ်မှာ CDM ရဲတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး မတူပီမြို့ပေါ်က မြို့ခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနှိပ်စက်နေတယ်လို့ CDF-မတူပီက မေ ၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ပြည်သူတွေကို CDM လုပ်တဲ့ ရဲတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းတာလို့ ယူဆတယ်။ အဖမ်းခံရတဲ့ပြည်သူ စုစုပေါင်း ၇ ဦးပါဗျ။ အမျိုးသမီး ၆ ဦး အမျိုးသား ၁ ဦးပေါ့။အဲဒီ ၇ ဦးဖမ်းတယ်ဆိုတာက အကြောင်းပြချက်မရှိဘဲနဲ့ သူတို့မသင်္ကာမှုနဲ့ ဖမ်းတယ်လို့ ကျနော်တို့က သတ်မှတ်ရမယ်ဗျ” လို့ CDF-မတူပီ  သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

မတူပီမြို့ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဗျူဟာစခန်းက တ/၃၈၇၆၈ တပ်သား ချစ်ကိုကို နဲ့ မုံရွာအခြေစိုက် ထပရ (၉၂၉ )က တပ်သားဖြိုးမင်းတို့ဟာ BA72 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်နဲ့အတူ ဧပြီ ၂၁ ရက်နေ့က CDF-မတူပီကနေတဆင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ လက်နက် ၃ လက်ပြန်လည်ရရှိရေးအတွက် မတူပီမြို့က အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းဆီးပြီး စစ်ဗျူဟာစခန်းမှာ လူမဆန်စွာ ညှဉ်ပန်းနှိပ်စက်နေတယ် ကြားသိရတယ်လို့ CDF-မတူပီ  သတင်းနဲ့ ပြန်ကြားရေးတာဝန်က ပါတယ်။

ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်တာနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ကိစ္စတွေကို CDF-မတူပီက ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီအပါအဝင် ဘယ်အဖွဲ့စည်းနဲ့မှ  အပေးအယူကိစ္စကို ဆွေးနွေးမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

မတူပီမြို့နယ် မင်းတပ်-မတူပီကားလမ်းမှာလည်း ဧပြီ ၂၈ ရက်နေ့က CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်နောင်မှာလည်း စစ်လက်နက် အီကွေးမန့် အပြည်စုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ပြီးတော့ လွတ်မြောက်နယ်မြေ (သို့မဟုတ်) ပြည်ပနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up