close

တရုတ်-လာအို ရထားလမ်း အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ဟုဆို

တရုတ်-လာအို ရထားလမ်းဟာ ကျန်ခဲ့တဲ့ ငါးလက စပြီး ခရီးသည်တင်ရထားရော ကုန်ရထားပါ ပြေးဆွဲခဲ့လို့  သိသာထင်ရှား တိုးတက်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာဖြစ်တဲ့  စီစီတီဗွီ သတင်းဌာနမှာ ဖော်ပြပါတယ်။

မေ ၃ ရက်ထိရတဲ့ စာရင်းအရ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကနေ  လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းဆီ ချိတ်ဆက်ထားတဲ့ ရထားလမ်းကြောင်းက တဆင့် ခရီးသည် ၂ ဒသမ ၇ သန်းကျော်နဲ့ ကုန်စည်တန်ချိန် ၂ ဒသမ ၉ သန်းကျော်ကို သယ်ယူပို့ဆောင်ပြီးပြီလို့ တရုတ်နိုင်ငံ ရထားလမ်းအုပ်စုက ဆိုပါတယ်။

ကုန်စည်သယ်ပို့မှုဟာ ပထမဆုံးလက တန်ချိန် ၁ သိန်း ၇ သောင်း တင်ပို့နိုင်ရာက ငါးလမြောက်လမှာ ၅ ဒသမ ၅ ဆ တိုးလာခဲ့ပြီး တန်ချိန် ၁ ဒသမ ၁ သန်းကို ရောက်ခဲ့တယ်လို့လည်း ရထားလုပ်ငန်းစုက ပြောပါတယ်။

နိုင်ငံတကာ ရထားလွန်းပျံခရီးစဉ် ၄၄၁ ကြိမ်အတွင်း ကုန်စည် အမေရိကန်ဒေါ်လာ သန်း ၇၆၀ ဖိုးရှိတဲ့ ကုန်စည်တန်ချိန် ၄ သိန်း ၆ သောင်းကျော်ကို သယ်ယူပို့ဆောင်ခဲ့တယ်လို့ ကူမင်း အကောက်ခွန်ဌာနက ပြောခဲ့ပါတယ်။

ရထားလမ်းဟာ အရှေ့တောင်အာရှ ဒေသတွင်းနဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံမှာ ခုချိန်ထိ နယ်စပ်ဖြတ်ကျော်တင်ပို့တဲ့ အမျိုးအစား ၁၀၀ ကျော်ပါတဲ့ ကုန်စည်တန်ချိန် ၅ သိန်းကျော်ကို သယ်ပို့ခဲ့ပြီးပြီလို့ တရုတ် နိုင်ငံတကာ ရထားလိုင်းအုပ်စုက ပြောပါတယ်။

ခရီးသည်တွေရဲ့ လိုအပ်ချက် တိုးလာလို့ ရထားစီးရေး တိုးချဲ့ပြးဆွဲခဲ့ရတယ်လို့လည်း စီစီတီဗွီက ပြောပါတယ်။

လောလောဆယ် နေ့စဉ် ခရီးသည်တင် ရထားစီးရေ ပျမ်းမျှ ၃၆ စီး ပြေးဆွဲနေပြီး ကျည်ဆန်ရထား ၆ စီးဟာလည်း လာအိုနိုင်ငံထဲမှာ နေ့စဉ် ပြေးဆွဲနေပါတယ်။

တရုတ်-လာအို ရထားလမ်းဟာ ၂၀၂၁ ဒီဇင်ဘာ ၃ ရက်မှာ စတင် ပြေးဆွဲခဲ့တာပါ။ ဒါဟာ တရုတ်စံချိန်ကို ကျင့်သုံးပြီး တရုတ်ရထားကွန်ရက်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ ပထမဆုံး နိုင်ငံခြားရထားလမ်း ဖြစ်ပြီး တရုတ်နဲ့ လာအို ၂ နိုင်ငံ ပူးတွဲ တည်ဆောက် လည်ပတ်နေတဲ့ ရထားလမ်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up