နာဇီဂျာမနီအပေါ် အနိုင်ရခဲ့သည့် အထိမ်းအမှတ် စစ်ရေးပြပွဲအတွက် မော်စကိုမြို့တွင် အစမ်းလေ့ကျင့်

ရုရှားမြို့တော် မော်စကိုရဲ့ လမ်းတွေပေါ်မှာ မေ ၄ ရက်က စစ်ကားတွေမောင်းရင်း ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေအပေါ် ဆိုဗီယက်ပြည်ထောင်စုက နိုင်ခဲ့တဲ့ အထိမ်းအမှတ် စစ်ရေးပြပွဲအတွက် အစမ်းလေ့ကျင့်နေပါတယ်။
ကားတွေဖြတ်သွားချိန်မှာ လူအုပ်ကြီးက အရံအတားတွေ နောက်ကနေ ရပ်ကြည့်နေတာပါ။
မေ ၉ ရက်မှာ ကျင်းပမယ့် ဒီနှစ် စစ်ရေးပြပွဲဟာ ယူကရိန်းကို ရုရှားက အထူးစစ်ဆင်ရေး ဆင်နွှဲနေချိန်နဲ့ တိုက်ဆိုင်နေတာပါ။
ရုရှားအစိုးရက ယူကရိန်းအရှေ့ပိုင်းကို မေ ၄ ရက်က ထိုးစစ်ဆင်နေချိန်မှာ ရုရှားရဲ့ နီးကပ်တဲ့ မဟာမိတ် ဘဲလာရုစ်ကလည်း အကြီးစား စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာခဲ့ပါတယ်။
မော်စကိုမြို့တော် ရင်ပြင်နီမှာ ကျင်းပမယ့် စစ်ရေးပြပွဲကို ကြီးကြပ်ရင်း သမ္မတ ဗလာဒီမာ ပူတင်က မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ရုရှားသမ္မတ ပူတင်က ချီတက်ပွဲနေ့မှာ နိုင်ငံလုံးဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး အမိန့်ချပြီး ယူကရိန်းကို တရားဝင် စစ်ကြေညာမယ်ဆိုတဲ့ ထင်ကြေးတွေကို ကရင်မလင်နန်းတော်က မေ ၄ ရက်က ပယ်ချခဲ့ပါတယ်။