close

မင်းတပ်မြို့နယ်၌ စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရွာ ၁ ရွာကို စစ်တပ်က မီးရှို့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ  မေ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး  ကျေးရွာတရွာကို စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။

မင်းတပ်-မတူပီ ကားလမ်းပေါ်မှာ ဒီကနေ့မနက် ၈နာရီခွဲလောက်က စစ်ကောင်စီတပ် ယာဉ်တန်းကို CDF-မင်းတပ်က မိုင်းဆွဲတိုက်ခဲ့တာလို့ CDF-မင်းတပ်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်ဟာအွမ်က ပြောပါတယ်။

“စစ်ကောင်စီယာဥ်တန်းကို ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်တော့ မိုင်းတွေကတော့ အကြီးအကျယ်ကွဲတယ်။ တောင်ပေါ်မှာ မိုးအုံ့ပြီးမှိုင်းနေလို့ ရာသီဥတုအခြေနေကြောင့် စစ်ကောင်စီတပ်သား ဘယ်နှယောက်သေတယ်ဆိုတာ ခန့်မှန်းဖို့ ခက်တယ်။ သူတို့ဘက်က အကျဆုံးများပြားနိုင်တယ်ဆိုတာလောက်ပဲ ပြောလို့ရမယ်။”

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးသလို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒါ့အပြင် မိုင် ၄၀ ရွာလို့ ခေါ်တဲ့ ကျေးရွာရွာကို  စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြပြီး အိမ်ခြေဘယ်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်ဆိုတာကတော့ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှသာ အတိကျသိနိုင်မယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဧရိယာအတွင်းက ရွာတွေကို ဝင်မွှေပြီး မီးရှို့ဖျက်ဆီးတာတွေ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ၊ အိမ်မွေးတိရိစ္ဆာတွေကို သတ်ဖြတ်စား သောက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ မေလ ၅ ရက်ကလည်း  CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရလို့ ပြန်လည်ဆုတ်ခွာချိန် မိုင်းမတော်တဆဖြစ်လို့  CDF ရဲဘော်တယောက်  ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် အင်အားအလုံးအရင်း အသုံးပြုပြီးထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံသပ်ထားပါတယ်။

မင်းတပ်-မတူပီကားလမ်း ဘေးဝဲယာက ကျေးရွာတွေမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ ပထမဦးဆုံးအကြိမ်စစ်ကြောင်းထိုးကတည်းက ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လူသားဒိုင်းအသုံးပြုတာတွေ ဆက်တိုက်ပြုလုပ်နေလို့ ကျေးရွာအားလုံးကပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up