close

ကျောက်တော် မဟာမုနိစစ်ဘေးရှောင် စခန်းမီးလောင်၊ နေအိမ် ၂၀၀ ကျော်ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းမှာ မေလ ၉ ရက် မနက် ၁ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး စစ်ဘေးရှောင်အိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ပေါ့ဆမီးဖြစ်နိုင်ပီဲးလက်ရှိမှာ မီးဘေးသင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

"မီးလောင်တာတာ ည ၁ နာရီကျော်လောက်မှာ လောင်တာပါ။ ရှို့မီးတော့မဟုတ်ဘူး ပေါ့ဆမီးကလောင်တာ။  အိမ်က  စုစုပေါင်း ၄၃၂ ဆောင်ရှိတာမှာ ၂၆၂ ဆောင်မီးထဲပါသွားတယ်။ စခန်းမှာက လူဦးရေ ၁၈၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို အခုလောလောဆယ် စာသင်ကျောင်းနဲ့ ဘူတာဟောင်းတွေပေါ်မှာအဆင်ပြေသလို ထားနေရတယ်။ အိမ်တွေက မီးလောင်သွားတော့ တခုမှ မရလိုက်ကြဘူး။ လောလောဆယ် သူတို့ကို ရွာသားတွေက စုပေါင်းပြီးကျွေးမွေးဖို့စီစဉ်နေကြတယ်။  အိမ်တွေက ဝါးတွေနဲ့ဆောက်ထားတာဆိုတော့ မီးက ကူးစက်လွယ်တော့ မီးထိန်းမနိုင်ဘဲ အိမ်၂၀၀ ကျော်အထိပါသွားတာဖြစ်တယ်။ ရွာက ရေစုတ်စက်ရေနဲ့ အရေးပေါ်မီးငြှိမ်းသတ်လိုက်ကြတာ အိမ် ၁၀၀ ကျော်လောက်ပဲရလိုက်တယ်။ ကျောက်တော်က မီးသတ်ဌာနကို အကြောင်းကြားတော့လည်း မနေ့က မိုးရွာထားတာကြောင်း ကားနွံနစ်ပြီး သွားမရတာကြောင့် အချိန်နှောင်းမှ ရောက်လာတယ်"လို့ ပြောပါတယ်။

မီးလောင်သွားတဲ့ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာ ကျောက်တော်၊ မြောက်ဦးနဲ့ ပလက်ဝမြို့နယ်တွေက စစ်ဘေးရှောင် ၁၈၀၀ ကျော်က ခိုလှုံနေကြတာဖြစ်ပါတယ်။

အခုမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးသလို မီးလောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ကျောက်တော်မြို့နယ်မီးသတ်ဦးစီးဌာနကို ဖုန်းနဲ့  ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လတုန်းကလည်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ စစ်ဘေးရှောင်စခန်းမှာ အိမ် ၆၀၀ ကျော်မီးလောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up