မြစ်ကြီးနားတွင်မီးလောင်၊ လူနေအိမ် ၂ လုံးနှင့် ကား ၃ စီး မီးလောင်ပျက်စီး











ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံမြောက်ရပ်ကွက်မှာ ဧပြီ ၈ ရက် ဒီကနေ့ ညနေ ၄ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူ နေအိမ် ၂ လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေပြည်သူတဦးက "မီးကအရှိန်တအားပြင်တော့ ကျနော်တို့လည်း မငြှိမ်းနိုင်ဘူး မီးသတ်ရုံးကို အကြောင်းကြားပြီး မကြာခင်မှာပဲ မီးသတ်ကားတွေလာပြီး ငြှိမ်းသွားတယ်။ နေအိမ်အကြီးတလုံး အသေးတလုံးပါသွားတယ်။ မီးဖိုချောင်တော့အားလုံးမပါသွားဘူး။ မီဟတ်တော့ တခါးပေါက်တွေပျက်စီးသွားပါတယ်လို့" ပြောပါတယ်။
မီးလောင်မှုကြောင့် မော်တော်ကား ၃ စီးလည်း ပျက်စီးသွားပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
နေအိမ်မီးထဲပါသွားတဲ့ အိမ်ရှင်အမျိုးသမီးတဦးက “မီးကဘယ်ကနေ စလောင်မှန်းမသိဘူး။ ကျမကရေချိုးနေတာ။ အိမ်ထဲမှာလည်း ဘယ်သူမှမရှိဘူး။ အိမ်ရဲ့ညာဘက်ထောင့်ကနေ တရှိန်ထိုးလောင်နေတာတွေ့တော့ လန့်ပြီး ကူညီဖို့အကူညီအော်တောင်းပေမဲ့ အရှိန်က တအားပြင်းတော့ ပိုပိုလောင်လာတယ်။ အိမ်ထဲမှာ ပစ္စည်းတွေ ဘာတခုမှမယူနိုင်လိုက်ဘူး”လို့ပြောပါတယ်။
အဆိုပါအိမ်ရှေ့ရှိ အိမ်သေးတလုံးမှာ ငှားနေတဲ့ အမျိုးသမီး ဆရာဝန်တယောက်ရဲ့ ကားတစီးနဲ့ ငွေတွေအပါအဝင် အိမ်ထဲရှိပစ္စည်းတွေအားလုံးလည်း ပါသွားတယ်လို့ အိမ်ရှင်အမျိုးသမီးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားနေစဉ် မီးငြှိမ်းသတ်ကူညီပေးဖို့ ရောက်လာသူ တယောက်ရဲ့ ဆိုင်ကယ်တစီးကို သူခိုးခိုးခံခဲ့ရပါတယ်။
မြစ်ကြီးနားမြို့မှာ အာဏသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှုနဲ့ လူသတ်မှုတွေ အရင်ကထက် ပိုများလာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။