close

ဓာတ်မြေသြဇာဈေး အဆမတန်မြင့်တက်နေသဖြင့် ကရင်နီတောင်သူများ လယ်ယာစိုက်ပျိုးရန် အခက်ကြုံ

ကယားပြည်နယ်အတွင်းမှာ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ကရင်နီတောင်သူတွေဟာ လယ်ယာစိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

မြေသြဇာဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် သုံးဆမက မြင့်တက်နေတာ ဖြစ်တယ်လို့  အရင်းကျေဖို့တောင် မလွယ်ကူတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံ တောင်သူတယောက်ကပြောပါတယ်။

“အရင်က ကျပ်သုံးသောင်းလောက်ပဲရှိတဲ့ ဓာတ်မြေသြဇာတအိတ်ကို  အခုဆို တသိန်းနီးပါး ပေး၀ယ်ရတယ်။ မြေသြဇာဈေးက ကြီးလာတော့ အရင်က လေး ငါးဧက စိုက်နေတဲ့သူတွေဟာ အခုဆို တဧကကိုတောင် မနည်းစိုက်နေရတယ်။ အရင်းက သုံးဆမကများလာတာကို။”

ကယားပြည်နယ်မှာ မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေသလို စက်သုံးဆီစျေးနှုန်းတွေကလည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အဆမတန်တက်နေတာကြောင့် ကရင်နီတောင်သူတွေမှာ  စပါးစိုက်ဖို့အတွက် ထပ်မံခက်ခဲနေတာပါ။

“ထွန်ယက်ဖို့ စက်သုံးဆီ၀ယ်မယ်ဆို တဂါလံကို တစ်သောင်းနှစ်ထောင် ပေး၀ယ်နေရတယ်။ စျေးက အဆမတန်ပဲဗျာ။ သာမန်လူတွေဆိုတွေ မရင်းနိုင်ကြတော့ဘူး။ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးလေ။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ပဲ” လို့ တောင်သူ တစ်ဦးက ဆိုပါတယ်။

ကယားပြည်နယ်မှာ လယ်ယာစိုက်ပျိုးဧက သိန်းနဲ့ ချီရှိနေပြီး ဒေသခံအများစုဟာ မိရိုးဖလာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းက လယ်ယာစိုက်ပျိုးတဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ တောင်သူမိသားစု သောင်းနဲ့ချီပြီး နေအိမ်နဲ့ စိုက်ပျိုးမြေတွေကို စွန့်ခွာ စစ်ဘေးတိမ်း ရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up