close

သရုပ်ဆောင်ဒေါင်းလက်ရာ အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို တော်လှန်ရေးကျောင်း သို့ လှူဒါန်း

လူငယ်သရုပ်ဆောင်ဒေါင်းရဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့  ဖန်တီးထားတဲ့ အိတ်တွေ ရောင်းချရာကနေ ရရှိတဲ့ အမြတ်ငွေကျပ်သိန်း ၁၅၀ ကျော်ကို ကြားကာလပညာရေး အခမဲ့တော်လှန်ရေးကျောင်း Free Online  Educational Institution Myanmar (FOEIM) ကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒေါင်းရဲ့ ဖန်တီးမှု လက်ရာအိတ်တွေကို ရောင်းချနေတဲ့ Daung Arts Corner က ခုလိုရေးသားဖော်ပြထားပြီး အဆိုပါ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကိုတော့ တော်လှန်ရေးကာလ လိုအပ်နေတဲ့ နေရာတွေကို ထောက်ပံ့နိုင်ဖို့ သူ့ရဲ့ အနုပညာဖန်တီးမှုနဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

“ကျနော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ် (တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online  Educational Institution Myanmar  (FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။ ကလေးငယ်တိုင်းဟာ လွတ်လပ်စွာပညာသင်ခွင့် ရရှိသင့်ပေမယ့် ကျနော်တို့ တိုင်းပြည်ရဲ့ မှောင်မိုက်နေတဲ့နေ့ရက်များမှာ ကလေးငယ်များဟာ ကောင်းမွန်စွာပညာသင်ခွင့်တွေ ဆုံးရှုံးနေခဲ့ကြတာ နှစ်နဲ့ချီနေပါပြီ။ စာသင်ခန်းထဲမှာ သက်တူရွယ်တူ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ စာသင် ဆော့ကစားနေရမယ့် အရွယ်လေးတွေဟာ အခုတော့ အိမ်ထဲမှာပဲ သူတို့ပညာရေးကို အသက်ဆက်နေရပါတယ်။ လက်ရှိကာလရဲ့ အဆင်မပြေမှုများကြောင့် ကြားကာလမှာ FOEIM နှင့် အခြားသော online educational page များဟာ ကလေးများအတွက် online ကနေ ပညာဆက်လက်သင်ခွင့်ရအောင် ကြိုးစားပေးထားတာ တွေ့ရပါတယ်ခင်ဗျ။”

အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းတွေ ဖွင့်လှစ်သင်ကြားနေတာ ဖြစ်ပါတယ်။

FOEIM  ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခုဖြစ်ကာ ဒီကျောင်းရဲ့ သံတမန်အဖြစ် သရုပ်ဆောင်မင်းသား ဒေါင်းကို ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က စတင်ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up