close

ကနီမြို့နယ် ရွာသုံးရွာအား စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်၊ ဘုတလင် ကံသာရွာကို မီးရှို့

ကနီမြို့နယ်က ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မေ ၁၀ ရက် မွန်းတည့် ၁၂ နာရီလောက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလေယာဉ်ဟာ မုံရွာနမခစစ်တပ်ကနေ ထွက်လာပြီး အခုလို ကနီမြို့နယ်က ကျေးရွာ သုံးရွာကို ပစ်ခတ်တာလို့ ဆိုပါတယ်။

“ပစ်တာတော့ ငါးဖျတ်ရွာ၊ တဇယ်ချောင်ရွာနဲ့ ရှမ်းမြောင်ရွာတွေကို လာပစ်တာ။ အခုထိပစ်နေ တုန်း။ အထိခိုက်အကျဆုံးကတော့ လောလောဆယ်မသိရဘူး။ စစ်တပ်၊ ပျူစောထီးတွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ရေလယ်ကျွန်းရွာမှာ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အကျရှုံးရှိလို အခုလို လေယာဉ်နဲ့လာပစ်တာဖြစ်နိုင်တယ်” လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကနီမြို့နယ်အတွင်းက အဲဒီ ကျေးရွာ သုံးရွာဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း‌ စစ်ကောင်စီက လေယာဉ်နဲ့တကြိမ်ပစ်ခတ်ခဲ့တာကြောင့် အခုဆို ၂ ကြိမ်မြောက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ် ကံသာကျေးရွာကိုလည်း စစ်ကောင်စီက ဒီနေ့မနက်ခင်း ၁၀ နာရီကျော်လောက်က မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မေလ ၉ ရက်ကလညး ကုန်းသာရွာကို မွှေနှောက်ရှာဖွေတာတွေ လုပ်ပြီး ဒေသခံတွေရဲ့ ဝက်တစ်ကောင်ကို ပစ်သတ်စားသောက်သွားကာ နွားတွေကိုလည်း အကြောင်းမဲ့ ပစ်သတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒီနေမှာ ကံသာဘက်ကို ထွက်ခွာလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာအဝင်က ကင်းတဲတွေကို မီးရှို့နေတာ။ ကုန်းသာရွာဘက်ကနေ ထွက်လာတော့ တခြားဘက်ကနေ လာပြီးထောင်ထားတဲ့ မိုင်းနှစ်လုံး မိခဲ့တယ်။ အထိခိုက်ရှိလို့ ရွာက ကင်းတဲကို မီးရှို့တယ်လို့ ထင်တယ်။ ရွာသားတွေကတော့ သူတို့လာကတည်းက အကုန်ထွက်ပြေးနေကြ ရတယ်” လို့ ကံသာရွာသားတဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ကံသာရွာကိုဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတာကြောင့် ကံသာရွာသားအပြင် အနီးအနားက ကုန်းသာရွာ၊ ဆိတ်လူးအိုင်ကျေးရွာသားတွေပါ ထွက်ပြေးနေကြရပါတယ်။ အဲဒီရွာသုံးဟာ အိမ်ခြေ ၃၀၀ ရာကျော်သာရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံပြည်သူကာကွယ်ရေအဖွဲ့ဝင်တဦးက “ဒီကောင်တွေ ကုန်းသာ၊ ကံသာ၊ အောင်ချမ်းသာရွာ အနီး ပတ်ဝန်းကျင်မှာ ဒီကောင်တွေလှည့်နေတာ။ မနက်က ကျနော်တို့ အဖွဲ့တွေက မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်။  တော်လေးအထိ နာသွားတယ်။ အင်အား က ၁၀၀ ကျော်မယ် ထင်တယ်”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးစာရင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက မေလအတွင်းရွာတွေကို မီးရှို့တာဟာ ၄ ရွာရှိနေပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up