close

ရခိုင်ပြည်နယ်က မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်နေ့သင်တန်း ပြန်တက်ခွင့်ရ

၁၀ နှစ်ကြာ တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့် ဆုံးရှုံးနေကြတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ကျောင်းသားတွေ  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ကြားဝင်းညှိနှိုင်း ဆောင်ရွက်ပေးမှုတွေကြောင့် အခုနှစ်မှာ  တက္ကသိုလ် နေ့သင်တန်းဝင်ခွင့် ပြန်လည်ရရှိခဲ့တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင် ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခ တွေကြောင့် လုံခြုံရေးအကြောင်းပြချက်တွေနဲ့ တက္ကသိုလ် နေ့သင်တန်းတက်ရောက်ခွင့် ဆုံးရှုံး နေကြတာဖြစ်ပြီး အဝေးသင် ကန့်သတ်မေဂျာတချို့သာ တက်ရောက်ခွင့်ရရှိကာ အခုနှစ်မှသာ နေ့သင်တန်းပြန်လည် တက်ရောက်ခွင့်ရရှိတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေး ပညာသင်ကြားခွင့် ရရှိစေချင်တဲ့ မူဝါဒ ရှိတာကြောင့် ကျောင်းတက်ခွင့်ရရှိအောင် ပူးပေါင်းဆောင်ရွက်တာလို့ ရက္ခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မတီဝင် ကိုကျော်နိုင်ဌေးက ပြောပါတယ်။

"ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာရှိတဲ့ လူအဖွဲ့အစည်းတွေ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပညာရေးကို တက်ရောက်ခွင့် ပညာသင်ကြားခွင့်ဆိုတဲ့ ကျနော်တို့ လက်ခံထားတယ်။ မူဝါဒအရကြောင့် လက်ရှိ ဝိဇ္ဇာ၊ သိပ္ပံဆိုတဲ့ နေ့သင်တန်း တက္ကသိုလ်ကို သူတို့လည်း တက်ရောက်ချင်ကြပြီး ဒီနှစ်မှာ အစိုးရကလည်း ဝင်ခွင့်လျောက်လွှာတွေမှာ ချပေးထားတော့ ကျနော်တို့က ပူးပေါင်းပြီး ဆောင်ရွက်ပေးတာပါ"လို့ပြောပါတယ်။

အခု တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့် ရရှိတာက လူမျိုးတွေကြားမှာ သဟာဇာတ ဖြစ်စေပြီး ငြိမ်ချမ်းရေးကို ကောင်းမွန်စေနိုင်တယ်လို့  မွတ်ဆလင်ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

"အခုလို ၁၀ နှစ်လောက်တက်ခွင့်မရတဲ့ တက္ကသိုလ် နေ့သင်တန်းတက်ခွင့် ပေးတာက တော်တော်လည်းကို ဝမ်းသာစရာဖြစ်တယ်။ နောက်တခုက တက္ကသိုလ် တခုတည်းမှာ အခုလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တက်ခွင့်ရတော့ လူမျိုး တမျိုးနဲ့ တမျိုးကြားမှာ ပိုပြီး သဟဇာတ ဖြစ်စေနိုင်ပြီး ငြိမ်းချမ်းရေဘက်ကို သွားနိုင်ရင် ပိုကောင်းလာနိုင်တယ်" လို့ ပြောပါတယ်။ 

မွတ်ဆလင် ကျောင်းသားတွေကို ကျောင်းတက်ခွင့် ပေးလိုက်တာက နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်နိုင်တယ်လို့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်က သုံးသပ်ပါတယ်။

"ဒီကိစ္စက သဘောရိုးတော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ကွယ်မှာ နိုင်ငံတကာ ဖိအားတော့ရှိနိုင်တယ်။ အမြဲတမ်းလည်းရှိနေတာပဲ။ အဲဒါကြောင့် အလိုက်သင့် ကိုက်ညီအောင်လုပ်တာလည်း ဖြစ်နိုင်တယ်။ အခုက ရခိုင်မှာရှိတဲ့ နှစ်ဖက်စလုံးက မွတ်ဆလင်တွေပဲ စည်းရုံးနေကြတာဖြစ်တယ်။ ရခိုင်တွေ သွားနေတဲ့ လမ်းကြောင်းနဲ့တော့ သိပ်မလွဲဘူး” လို့ပြောပါတယ်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် ရခိုင်ပြည်နယ်က မွတ်ဆလင် ကျောင်းသားတွေ တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့်မရှိဘဲ အဝေသင်သင်တန်းအဖြစ် မြန်မာစာ၊ သမိုင်းနဲ့ ပထဝီဝင် ၃ ဘာသာကိုသာ တက်ရောက်ခွင်ေရရှိပြီး အစိုးရက မွတ်ဆလင်ကျေးရွာတွေမှာ စင်တာတွေ ဆောက်လုပ်ကာ သင်ကြားပေးမှုတွေ ရှိခဲ့တယ်လို့ မွတ်ဆလင်ကျောင်းသားများက ပြောကြ ပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်နေ့သင်တန်းကို မေ ၁၂ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up