close

ရခိုင်ပြည်နယ်၌ ၁၀ တန်းစာမေးပွဲ စာရင်းပေးထားသူ ၉၀ ရာခိုင်နှုန်းကျော် ဖြေဆို

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုဖို့ စာရင်းပေးခဲ့သူ ၄၅,၆၀၀ ဦးရှိခဲ့ပေမဲ့ ဒီနေ့အထိ ဖြေဆိုသူ ကျား ၁၈,၆၇၆ ဦး၊ မ ၂၃,၀၇၇ ဦး၊ စုစုပေါင်း ၄၁,၇၅၃ ဦး ရာခိုင်နှုန်းအားဖြင့်  ၉၁ ဒသမ ၅၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့  အချက်အလက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ မတ် ၃၁ ရက်က စတင်ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ ဒီနေ့ ဧပြီ ၆ ရက်မှာတော့ အတွဲ ၁ နဲ့ ၇ ဖြစ်တဲ့ သိပ္ပံတွဲနဲ့ ဘောဂဗေဒတွဲ ဖြေဆိုပြီးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက "ဒီနေ့မှာ အတွဲ ၂ တွဲ ဖြေဆိုပြီးတယ်။ သိပ္ပံတွဲနဲ့ ဘောဂတွဲပါ။ ဝိဇ္ဇာတွဲကတော့ ၈ ရက်နေ့ ပြီးမယ်။ စိတ်ကြိုက်မြန်မာစာကတော့ ၉ ရက်နေ့ပြီးမယ်" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ စာစစ်ဌာန ၁၂၈ ခု ဖွင့်လှစ်ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးခဲ့တာဖြစ်ပြီး လုံခြုံရေးအရ စိတ်မချရတဲ့ စာစစ်ဌာန အခု ၂၀ ကိုတော့  မြို့ပေါ်ကို ပြောင်းရွှေ့စစ်ဆေးခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတာကြောင့်  ၁၀ တန်းစာမေးပွဲကို ကျောင်းသား ကျောင်းသူတွေရဲ့ သုံးပုံ တပုံဖြစ်တဲ့ ၃ သိန်းနီးပါးသာ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး  ရခိုင်ပြည်နယ်ကတော့ ဝင်ရောက် ဖြေဆိုသူ အများဆုံး ပြည်နယ် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up