close

ရန်ကုန်မြေအောက်အော်ပရေးရှင်းအတွက် NUG ဒုဝန်ကြီး အိသဉ္ဇာမောင်ကမ်ပိန်း ကျပ်သိန်း ၃၀၀ ကျော်ရရှိ

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ငွေကျပ်သိန်း ၃၀၀ ကျော် ရရှိခဲ့ တယ်လို့ သိရပါတယ်။

ဒီကံစမ်းရန်ပုံငွေရောင်းချပွဲကိုတော့ ရန်ကုန်က အော်ပရေးရှင်း အသစ်တခုအတွက် ရည်ရွယ်ကာ ငွေကျပ်သိန်း ၁၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့ ဝယ်ယူအားပေးနိုင်ဖို့ ဖိတ်ခေါ် ထားတာ ဖြစ်ပါတယ်။

“(UG) အဖွဲ့တွေကိုထောက်ပံ့ပေးဖို့အတွက် ကျမရဲ့ဆွဲကြိုးလက်မှတ်ရောင်းချတဲ့ ကန်ပိန်းလေး ပြီးသွားပါပြီရှင်။ သိန်း ၁၀၀ မှန်းထားပေမဲ့ အားလုံးပေါင်း သိန်း ၃၀၀ ကျော် ရခဲ့ပါတယ်ရှင်။ ကူညီအားဖြည့်ကြတဲ့ ပြည်တွင်းပြည်ပက တဦး၊ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျမ နဲ့ Soldier Cat - ထောက်ပို့ကတော့ တာဝန်ခံပြီးကောက်ခံပေးရုံပါပဲ၊ ကျန်တာက လူထု ရဲ့ မေတ္တာ၊ ပြည်သူတွေရဲ့ ထည့်ဝင်ငွေပါ။”

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up