close

နောင်မွန်းမြို့နယ်၌ လေပြင်းကြောင့် ပျက်စီးခဲ့ရသည့်လမ်းများ မပြင်နိုင်သဖြင့် ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မြန်မာနိုင်ငံမြောက်ဘက်ဆုံးက  နောင်မွန်းမြို့နယ်ထဲက မခွမ်ကန်ကျေးရွာအုပ်စုနဲ့ တဘူဒမ်းကျေး ရွာအုပ်စုတို့မှာတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့်  လမ်းတွေပျက်စီးသွားခဲ့လို့  ဒေသခံပြည်သူများ ခရီးသွားလာရေး အခက်ခဲနဲ့ ရင်ဆိုင်နေရပါတယ်။

နောင်မွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ညပိုင်း ၇ နာရီလောက်က  လေပြင်းမုန်တိုင်းကြောင့်  ၁၇ မိုင်လောက် လမ်းတောက်လျှောက် ပျက်စီးလို့ ဒေသခံပြည်သူတွေ ခရီးသွားလာရေး အခက်ခဲကြုံနေတာလို့ မခွမ်ကန်ရွာခံတစ်ဦးက ပြောပါတယ်။

“ထုံ၀မ်လို့ခေါ်တဲ့ စခန်းက‌‌နေ ၁၇ မိုင်ခန့် လမ်းပျက်တယ်။ မြေပြိုတယ်။ သစ်ပင်ကြီး‌တွေ၊ ဝါးပင်တွေအကုန်လှဲကုန်လို့ လမ်းကနဂိုကတည်းက ကျဉ်းကျဉ်းလေးပါဆိုမှ လမ်းပိတ်‌တော့ ခရီးသွားတဲ့ပြည်သူတွေ အရမ်းအခက်တွေ့တယ်။ ထုံ၀မ်-တဘူဒမ်းလမ်းအပြင် မခွမ်ကန် ကျေးရွာနားထိ လမ်းပြိုလို့ ဒေသခံပြည်သူတွေ ခရီးသွားလာရေး အခက်တွေ့နေတယ်”လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် လမ်းပျက်စီးသွားတဲ့အပြင် မခွမ်ကန်အုပ်စုထဲက ခူရှင်ရွာမှာ နေအိမ်၂လုံးနဲ့ တဘူဒမ်းရွာက နေအိမ်၂လုံး လုံး၀ပျက်စီးဆုံးရှုံးသွားပါတယ်။

လေပြင်းဒဏ်ကြောင့် ဒေသခံတွေရဲ့  အဓိက မိသားစု၀င်ငွေအတွက် စိုက်ပျိုးထားတဲ့ ရှားကောခင်းတွေလည်း အများကြီးဆုံးရှုံးသွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

လေဘေးသင့်ခဲ့တဲ့ မခွမ်ကန်အုပ်စုနဲ့ တဘူဒမ်းအုပ်စုမှာ ခြေအိမ် ၁၀၀ ကျော်ရှိပြီး ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ပြောင်းလဲခဲ့ပေမဲ့ လမ်းပြုပြင်ပေးတာမရှိလို့ ဒေသခံပြည်သူတွေဟာ နောင်မွန်းမြို့ဘက်ကိုရွေ့ပြောင်းသွားတာ အများကြီးရှိတယ် သိရပါတယ်။

တဘူဒမ်း‌ ကျေးရွာအုပ်စုနဲ့ မခွမ်ကန်ကျေးရွာအုပ်စုထဲမှာ နေထိုင်တဲ့ဒေသခံပြည်သူတွေဟာ စစ်အာဏာသိမ်းကတည်းက တရုတ်နယ်စပ်ဂိတ်ပိတ်ခဲ့လို့ ပူတာအိုမြို့နဲ့ နောင်မွန်မြို့ဘက်ကို အခြေခံစားသောက်ကုန်တွေ ၀ယ်ယူစားသောက်နေရပြီး လက်ရှိအချိန်မှာ လမ်းပျက်စီးနေလို့ အခက်ခဲများစွာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မခွမ်ကန်ကျေးရွာအုပ်စုနဲ့ တဘူဒမ်းကျေးရွာအုပ်စုမှာ‌ နေထိုင်တဲ့ ဒေသခံတွေ နှစ်ပေါင်း ရာချီအသုံးပြုတဲ့လမ်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်က လမ်းပြုပြင်ရန်ပြင်ဆင်နေချိန်မှာ စစ်ကောင်စီက အာဏာသိမ်းလို့ လမ်းပြုပြင်ရေး အစီစဉ်လည်း ပျက်စီးခဲ့ရပါတယ်။

‌နောင်မွန်းမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင်ရှိတဲ့မြို့နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိလို့ ဒေသခံပြည်သူတွေရဲ့ လမ်းခရီး ဆက်သွယ်ရေးနဲ့ နောက်ကျခဲ့ရတဲ့  မြို့နယ်တစ်ခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up