close

အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် အမတ် ၁ ဦးပါအဝင် သေဆုံးပါတီဝင် ၁၈ ဦးရှိဟု NLD ထုတ်ပြန်

မတရားစစ်အာဏာသိမ်းကာလ တနှစ်တာအတွင်း စစ်ကြောရေးကာလ စစ်တပ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် လွှတ်တော်အမတ် ၁ ယောက်အပါအဝင် သေဆုံးပါတီဝင်ပေါင်း ၁၈ ယောက်ထိ ရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြောပါတယ်။

မေ ၁၀ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ NLD ပါတီဝင်တွေနဲ့ ပါတီ ထောက်ခံသူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေထဲမှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိနေတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားတာပါ။

သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်စတဲ့ အကြမ်းဖက်အဖွဲ့တွေက NLD ပါတီဝင်တွေ၊ ပါတီအမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပါတီ အားပေးထောက်ခံခဲ့သူတွေကို ခြိမ်းခြောက်စာတွေ ပေါ်ပေါ်တင်တင်ဖြန့်ဝေကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ခုဖော်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စာရင်းတွေထဲမှာတော့ ပြီးခဲ့တဲ့ မေ ၅ ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ (NLD-HRDT) က ကောက်ယူထားတာဖြစ်ပြီး ပကတိမြေပြင်အခြေအနေမှာတော့ အခုထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။

စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်ကတည်းက မေ ၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံရသူ ၉၂၆၁ ယောက်ထဲမှာ NLD ပါတီဝင် ၉၁၇ ယောက်ပါဝင်နေပြီး ပြန်လည်လွတ်မြောက်လာသူ ၂၁၆ ယောက် ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ၇၀၁ ယောက်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကာ NLD ပါတီ၀င် ၁၈ ယောက်ကတော့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက NLD ပါတီအဖွဲ့ချုပ်ရုံးတွေကို ဥပဒေမဲ့ချိုးဖောက်ဝင်ရောက်မှု ၁၀၄ ကြိမ် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အယောက် ၁၂၀ အပါအဝင် ပါတီဝင် ၂၀၉ ယောက်တို့ရဲ့ နေအိမ်တွေနဲ့ တခြားပိုင်ဆိုင်မှုတွေကိုလည်း ချိပ်ပိတ်ခံခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ (NLD-HRDT) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up