close

ဖိလစ်ပိုင်ရွေးကောက်ပွဲ ပဟေဠိ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အရင်တချိန်တုန်းက အာဏာရှင် မားကို့စ်ရဲ့သား “မားကို့စ် ဂျူနီယာ” က သောင်ပြိုကမ်းပြို အနိုင်ရမယ့် အခြေအနေ ရှိနေပါပြီ။ သူ့ကို တခြားနာမည် “ဘုံဘုံး” (Bongbong) လို့လည်း လူသိများပါတယ်။ မဲရေတွက်တာက ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီဆိုတော့ သူပဲ သမ္မတအဖြစ် သေချာသလောက် ရှိနေပါပြီ။ မားကို့စ် ဂျူနီယာက မဲသန်း ၃၀ လောက်ရနေပြီး ပြိုင်ဘက်အမျိုးသမီးထက်ကို မဲအရေအတွက်က နှစ်ဆကျော် သာနေပါတယ်။

ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ၁၀ ဦးလောက် ဝင်ပြိုင်ကြပါတယ်။ အကြိတ်အနယ် ပြိုင်ကြရတာကတော့ မားကို့စ် ဂျူနီယာနဲ့ အရင် ဒုတိယသမ္မတဟောင်း အမျိုးသမီး လယ်နီ ရိုဘရီဒို (Leni Robredo) တို့ဖြစ်ပါတယ်။ သတင်းတပုဒ်က ရေးထားတာမှာ ဖိလစ်ပိုင်ပြည်သူတွေအဖို့ ရွေးရကျပ်တဲ့ပွဲလို့ ဆိုပါတယ်။ တယောက်က “အရင်အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား”၊ နောက်တယောက်ကတော့ အမျိုးသမီး- လူ့အခွင့်အရေးရှေ့နေတဦး ဖြစ်ပါတယ်။ သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့သမီး ဆာရာ ဒူတာတေးကလည်း အခု သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ပါသေးတယ်။ အခြေအနေ မကောင်းပါဘူး။

ပဟေဠိလို့ ပြောရတာကတော့ အရင်တချိန်တုန်းက လူကြိုက်သိပ်များတဲ့ ခေါင်းဆောင် ဒူတာတေး (Rodrigo Duterte) ပြီးတာနဲ့ ဘယ်လိုဖြစ်လို့ အခုရွေးကောက်ပွဲမှာ သူ့ရွေးချယ်မှုကိုပစ်ပယ်၊ နောက်တယောက်အသစ် (ရွေးစရာကလည်း အရင် အာဏာရှင်ဟောင်းရဲ့သား) ကို ရွေးကြရပါသလဲပေါ့။ ၂၀၂၁ ခုနှစ်အထိ လူထုအမြင်စစ်တမ်းတွေမှာ ရိုဒရီဂို ဒူတာတေးကို လူကြိုက်အတော်များပါတယ်။ လူပြိန်းကြိုက်ခေါင်းဆောင်လို့ ပြောလို့ရအောင် သူကလည်း လူထုအကြိုက်တွေကို လုပ်/ပြော နေတဲ့သူပါ။ ၂၀၂၁ ခုနှစ် ဇွန်လမှာအထိ သူ့ရဲ့စွမ်းဆောင်မှုကို စစ်တမ်းကောက်တဲ့အခါ “အလွန်ကောင်း” ဆိုသူက ၆၂ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီစစ်တမ်းမှာ လူထု ၇၅ ရာခိုင်နှုန်းက သူ့စွမ်းဆောင်မှုတွေကို ကျေနပ်တယ်လို့ ဖြေပါတယ်။ ၁၂ ရာခိုင်နှုန်းက မဆုံးဖြတ်နိုင်၊ ၁၃ ရာခိုင်နှုန်းက မကြိုက်ကြပါဘူး။

ဒူတာတေးက အပြောအဆိုရမ်းသလို သူ့ရဲ့ မူးယစ်ဆေးနှိမ်နင်းတဲ့ စစ်ပွဲမှာလည်း သတ်ဖြတ်ခံခဲ့ရသူ ၆၀,၄၃၉ ဦး ရှိခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် နိုင်ငံတကာ ရာဇဝတ်မှု တရားခုံရုံးတွေမှာလည်း စွပ်စွဲခံထားရသူပါ။ ဒီလို ဒူတာတေးအပေါ် လူထုက ထောက်ခံနေတာတွေကို ကြည့်ပြီး စိတ်ဓာတ်ကျရတဲ့အကြောင်း ဖိလစ်ပိုင်ပညာရှင်တွေက ညည်းညူတာလည်း ကြားခဲ့ရဖူးပါတယ်။

ဒီရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် သူက သူ့သမီး “ဆာရာ ဒူတာတေး” ကို ထည့်ပါတယ်။ မစွံပါဘူး။ ပြီးခဲ့တဲ့ ၃၆ နှစ်က ပြည်သူ့တော်လှန်ရေးနဲ့ ဖြုတ်ချခံရပြီး US မှာ ပြည်ပရောက် ခိုလှုံဘဝနဲ့ နေထိုင်ခဲ့ရသူ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သားက လူထုထောက်ခံမှု တခဲနက်နဲ့ သမ္မတဖြစ်လာတော့မှာပါ။

ခုသမ္မတကတော့ သူ့အမေအပြောအရ “လက်လွတ်စပယ်နိုင်တယ်၊ ပျင်းတယ်” လို့လည်း ဆိုထားသူပါ။ ပြောစရာရှိတာက ဒူတာတေးက “မင်းဆက်၊ အာဏာရှင်စနစ်နဲ့ ပြစ်မှုကျူးလွန်ထားသော်လည်း အရေးယူ မခံရသူ” (dynasty, autocracy and impunity) အဖြစ် ကိုယ်စားပြု မြင်ကြပါတယ်။ သူ့ ဒုသမ္မတ အမျိုးသမီး လယ်နီ ရိုဘရီဒို (Leni Robredo) ကိုတော့ “တည်ကြည်သူ၊ တာဝန်ယူ တာဝန်ခံမှုရှိသူ၊ ဒီမိုကရေစီသမား” (integrity, accountability and democracy) အဖြစ် မြင်ကြပါတယ်။ ဒါပေမဲ့ အခုတော့ မားကို့စ် ဂျူနီယာကို တခဲနက် ရွေးချယ်လိုက်ကြပါတယ်။ အံ့ဩစရာပါပဲ။

အသက် ၆၄ နှစ်အရွယ် ရှိပြီဖြစ်သူ မားကို့စ် ဂျူနီယာက အာကာသသိပ္ပံ ပညာရှင် ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန်က ပုဂ္ဂလိက Worth School နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တွေမှာ တက်ခဲ့ပါတယ်။ မားကို့စ် ဂျူနီယာရဲ့ တရားဝင် ကိုယ်ရေးဖော်ပြချက်တွေမှာတော့ ဘွဲ့ရတယ်လို့ ဖော်ပြပေမဲ့ တက္ကသိုလ်ကတော့ လူမှုရေးလေ့လာမှု ဘာသာရပ်မှာ အထူး ဒီပလိုမာ “special diploma” သာ ရတယ်လို့ ဖော်ပြပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ သူတို့မိသားစု အမာခံနယ်မြေ Ilocos Norte ကနေ နိုင်ငံရေးထဲ ဝင်ခဲ့ပါတယ်။ မြို့တော်ဝန် လုပ်ခဲ့ပါတယ်။

မားကို့စ် ဂျူနီယာကတော့ “အတူတကွ နောက်တကြိမ် ပြန်လည်တိုးတက်မြင့်မားကြမယ်” (Together we shall rise again) ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ပါတယ်။ သူ့အဖေကာလကို “ရွှေခေတ်” လို့ ပြန်ဖော်ညွှန်းပါတယ်။ ရာဇဝတ်မှုကင်းတဲ့၊ ဖွံ့ဖြိုးတဲ့ ကာလလို့ အဖြူရောင်ဆေးသုတ် ခြယ်မှုန်းပါတယ်။

သူ့ပြိုင်ဘက် လယ်နီ ရိုဘရီဒို (Leni Robredo) ကတော့ ပန်းနုရောင်တော်လှန်ရေး (Pink revolution) ဆိုပြီး သူ့လူမှုကွန်ရက်တွေနဲ့ စုဝေးခဲ့ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ဒီမိုကရေစီ၊ အဂတိလိုက်စားမှု အဆုံးသတ်ရေး (good governance, democracy and an end to corruption) ကိစ္စတွေနဲ့ တိုက်တွန်းပါတယ်။

လူမှုမီဒီယာ အခန်းကဏ္ဍ

အာဏာရှင်ဟောင်းရဲ့မျိုးဆက်ဖြစ်တဲ့ မားကို့စ်ဂျူနီယာ ဘာကြောင့် တခဲနက် ရွေးကောက်ခံရတာလည်းဆိုတော့ လူမှုမီဒီယာ ပလက်ဖောင်းတွေက အဓိကကျတယ်လို့ ဝေဖန်သုံးသပ်ကြသူတွေ ရှိပါတယ်။ နိုင်ငံရေးကမ်ပိန်း ကာလမှာလည်း အဆိပ်အတောက်ဖြစ်စေတဲ့ ကိစ္စတွေ ပါဝင်ခဲ့သေးတယ်လို့ ဆိုကြပါတယ်။ မားကို့စ် ဂျူနီယာက အွန်လိုင်းပလက်ဖောင်းတွေကို အသုံးချ၊ တလွဲ အလွဲသုံးစားလုပ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ဇန်နဝါရီလတုန်းက သူ့ကမ်ပိန်းကို ပါဝင်ထောက်ခံသူ အကောင့် ၃၀၀ လောက်ကို တွစ်တာက ဆိုင်းငံ့ခဲ့ပါသေးတယ်။ အရင် ဒူတာတေးလုပ်ခဲ့တဲ့ သတင်းမှား ကမ်ပိန်းတွေကြောင့် နောက်လူအနိုင်ရဖို့ အလွယ်တကူ ဖြစ်စေတယ်။ နောက်ထပ်တယောက်ကို လူထုအုံကျင်း ထောက်ခံမှုနဲ့ မွေးဖွားလာစေပြန်ပြီလို့လည်း ဆိုကြပါတယ်။

အောင်သူငြိမ်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up