close

ရေစကြိုမြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ မေ ၈ ရက်ကစပြီး စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ဘက်ကနေ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ မေ ၁၀ ရက်နဲ့ ဒီကနေ့ မေ ၁၁ ရက် မနက်ပိုင်းအထိ ကျေးရွာ ၅ ရွာလောက်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားပြီး ဒေသခံပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ရေလယ်ကျွန်းဒေသခံ ပြည်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီစစ်ကြောင်း ဝင်လာတော့ အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုပြီး ထွက်ပြေးလာရတာဗျ။ ဆွေမျိုးသားချင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရတယ်။ စားရေးသောက်ရေးအတွက်ကတော့ အလှူရှင်တွေနဲ့ ဆွေမျိုးတွေဆီက ပေးတဲ့ စားနပ်ရိက္ခာတွေနဲ့ မျှတပြီး စားသောက်နေကြရတယ်။”

ရေစကြို PDF တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက “ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်သံတော့ ကြားတယ်ဗျ။ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတည်ပြုနိုင်ဖို့ ခက်ခဲသေးတယ်။ ကျနော်တို့တပ်ဖွဲ့နဲ့တော့ ထိတွေ့တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ဘေးကင်းတဲ့နေရာကို ရောက်ရှိဖို့ ဦးစားပေး လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးမိခင်တွေ ပါဝင်တာကြောင့် သူတို့ကို ဘေးလွတ်တဲ့နေရာကို ရောက်အောင် PDF ရဲဘော်တွေက တွဲခေါ်တာတွေ၊ ကျောပိုးခေါ်ယူတာတွေ ပြုလုပ်ပြီး ဘေးလွတ်တဲ့နေရာကို ပို့ဆောင်ကာ နေထိုင်စားသောက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ မနေ့ မေ ၁၀ ရက်မှာ မြေခြားကျေးရွာက အိမ်ခြေ ၁၁ လုံး၊ မဲကုန်းကျေးရွာက အိမ်ခြေ ၈ လုံးနဲ့ ဘုန်းတော်ပြည့်ရွာဘက်က ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားသလို ဒီကနေ့မနက်ပိုင်းမှာလည်း မြေစွန်းကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ရေလယ်ကျွန်းဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာထဲကို ဝင်ရောက်ကာ နေအိမ်တွေမှာကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ ပြည်သူတွေပိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို သူတို့အနေနဲ့ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ အမြဲတမ်း ငြင်းဆန်လေ့ရှိသလို PDF တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ စွပ်စွဲ ပြောဆိုထားပါတယ်။

အနောက်မြောက်စစ်ဒေသ ဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေး အဆောက်အဦတွေ၊ အရပ်သားပိုင် ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up