အစ္စရေးစစ်တပ် ပစ်ခတ်သည့်ကျည် ထိမှန်ပြီး အယ်ဂျာဇီးရားသတင်းသမား ၁ ဦး သေဆုံး

အစ္စရေးစစ်တပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး အယ်ဂျာဇီးရား သတင်းဌာနက ဝါရင့်အမျိုးသမီးသတင်းထောက် ရှာရင်အဘူအာခလာ သေဆုံးသွားတယ်လို့ မိခင်သတင်းဌာန မေ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
ဒါပေမဲ့ အစ္စရေးစစ်တပ်ကတော့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သတင်းသမားကို သေနတ်ထိမှန်သွားတာဖြစ်လို့ ပါလက်စတိုင်းတွေက ပစ်လိုက်တဲ့ ကျည်ဆန်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကာတာအခြေစိုက် အယ်ဂျာဇီးယား သတင်းဌာနက သတင်းသမားဟာ အစ္စရေးတွေ သိမ်းထားတဲ့ အနောက်ဘက်ကမ်းမှာ သေနတ်ထိမှန် သေဆုံးခဲ့တာပါ။
ဂျီနင်းမြို့ကို အစ္စရေးတပ်တွေက ရှာဖွေနေတဲ့သတင်းကို သတင်းပို့နေတဲ့ အယ်ဂျာဇီးယား သတင်းသမားကို အစ္စရေးစစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ပါလက်စတိုင်း အရာရှိတယောက်က ပြောပါတယ်။
သတင်းထောက် ရှာရင် အဘူအာခလာ သေဆုံးသွားတာကို ပါလက်စတိုင်း ကျန်းမာရေးဌာနကလည်း အတည်ပြုပါတယ်။ အလီဆာမိုဒီဆိုတဲ့ နောက်သတင်းသမားတယောက်လည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ကြေညာချက်မှာတော့ ဂျီနင်းမြို့မှာ အကြီးစားပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက် အစ္စရေးစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပါလက်စတိုင်းဘက်က ပစ်ခတ်လို့ သတင်းသမား သေဆုံးသွားတာ ဖြစ်နိုင်လို့ သေချာပြန်လေ့လာနေတယ်လို့ ဖော်ပြထားပါတယ်။