မိုးရာသီ စတင်ဝင်ရောက်၊ ရေကြီးရေလျှံ သတိထားကြရန် ထိုင်းမိုးဇလ ကြေညာ

ထိုင်းနိုင်ငံမှာ မနက်ဖြန် မေ ၁၃ ရက်က စတင်ကာ မိုးရာသီကို ကူးပြောင်းဝင်ရောက်လာပြီ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတဝန်း ဒေသအတော်များများမှာ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး အခုနှစ်ရဲ့ မိုးရာသီကာလဟာ လာမယ့် အောက်တိုဘာလလယ်လောက်မှာ ကုန်ဆုံးနိုင်မှာဖြစ်ကာ မိုးရေချိန် ၃ ရာခိုင်နှုန်း ပိုမိုပြီးတော့ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဇွန်လလယ်ကနေ ဇူလိုင်လလယ်အထိ ခြောက်သွေ့မှု ဖြစ်ပွားနိုင်ပေမဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေထဲမှာတော့ မကြာခဏဆိုသလို မိုးရွာသွန်းနိုင်ကြောင်းလည်း သတိပေးထားပြီး ဆည်မြောင်းရေသွင်းမှု ဧရိယာပြင်ပမှာ နေထိုင်ကြတဲ့ တောင်သူတွေကို သူတို့ရဲ့ စိုက်ပျိုးမှု အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ဖို့ အကြံပြုထားတာပါ။
ဒါ့အပြင် လာမယ့် ဩဂုတ်လနဲ့ စက်တင်ဘာလတွေ အတွင်းမှာတော့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ ထိုင်းနိုင်ငံအထက်ပိုင်းကို ရွေ့လျားနိုင်ခြေ မြင့်မားပြီး ဒေသအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ချေ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါကာလတွေအတွင်း ရုတ်တရက် ရေကြီးရေလျှံတာတွေ၊ ကမ်းပါးတွေ ရေလျှံတက်တာမျိုးတွေ ဖြစ်နိုင်တာမို့ နိုင်ငံအထက်ပိုင်းဒေသတွေက ပြည်သူတွေကို သတိပေးထားပါတယ်။
ဒီကနေ့ မေ ၁၂ ရက်အတွက် မိုးလေဝသ ခန့်မှန်းချက်မှာတော့ နိုင်ငံတဝန်းမှာ လေဖိအားနည်းရပ်ဝန်းဟာ တောင်ဘက်နဲ့ အနောက်တောင်ဘက်ဆီ ဦးတည်ကာ လေပြင်းတွေ တိုက်ခတ်နေပြီး ဗီယက်နမ်နိုင်ငံ အထက်ပိုင်းကို ဖုံးလွှမ်းနေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် ထိုင်းနိုင်ငံမှာ မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ လျှပ်တပြက် ရေကြီးရေလျှံတာတွေ ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို သတိထားသင့်ကြောင်းလည်း ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အိန္ဒိယအလယ်ပိုင်း ကမ်းရိုးတန်းမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်း ဆိုင်ကလုန်း အဆာနီဟာ ထိုင်းနိုင်ငံဆီ တိုက်ရိုက်သက်ရောက်မှာ မဟုတ်ပေမဲ့ နိုင်ငံတဝန်းနဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ လေပြင်းတွေ တိုက်ခိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။