ယူကရိန်းကို စစ်ပွဲနိုင်သည်အထိ ထောက်ပံ့မည်ဟု G-7 အဖွဲ့ကတိပြု

ချမ်းသာတဲ့ စက်မှုအင်အားကြီး နိုင်ငံတွေပါဝင်တဲ့ G7 အဖွဲ့က ယူကရိန်းကို စစ်ပွဲ အောင်နိုင်တဲ့ အထိ ဆက်ပြီး ကူညီ ထောက်ပံ့ပေးသွားမယ်လို့ မေ ၁၄ ရက်မှာ ကတိပြု ပြောပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးတွေ ဂျာမနီနိုင်ငံမြောက်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန် အိလီဒနီယန်က ကြေညာတာပါ။
ယူကရိန်းအတွက် စစ်ရေးနဲ့ ဘဏ္ဍာရေးကို ဆက်ပြီး ကူညီပေးသွားမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ပြောတာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်တာဖြစ်လို့ အနိုင်ကျင့်ခံနေတဲ့ ယူကရိန်းဘက်က G7 အဖွဲ့က ရပ်တည်နေတာလို့လည်း ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ထရက်စ်ကလည်း ရုရှားကို ဖိအားပေးဖို့ ယူကရိန်းဘက်ကို လက်နက်တွေ ပိုပြီး ပံ့ပိုးပေးတာနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ နည်းလမ်းတွေကို သုံးရမယ်လို့ ပြောပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ဂျာမန၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု တို့ပါဝင်တဲ့ G7 အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးဟာ စနေနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။