close

စာသင်ကျောင်းနှင့် ဆေးရုံများကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်နေဟု ယူကရိန်းသမ္မတပြော

ရုရှားဟာ စစ်ပွဲအတွင်းမှာ ယူကရိန်းနိုင်ငံထဲက စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၂၄ ရက်ကစလို့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆိုင်တဲ့ အဆောက်အအုံ ၅၇၀ နဲ့ ဆေးရုံပေါင်း ၁၀၀ ကျော် လုံးဝပျက်စီးသွားရတယ်။ ဒါဟာ အလွန်မိုက်မဲပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ သမ္မတ ဇလန်းစကီးက မေ ၁၂ ရက် ညမှာ ပြောပါတယ်။

ယူကရိန်းမြောက်ပိုင်းက ချာနီဟက်ဗ်နဲ့ အလယ်ပိုင်းက စက်မှုထွန်းကားရာ ကရင်မင်ချောက်မြို့ တိုက်ပွဲတွေမှာ ရုရှားတပ်တွေဟာ အထိနာနေတဲ့အကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။

“ရုရှားက မဟာဗျူဟာအရ ရှုံးနေတာ တကမ္ဘာလုံး သိပါတယ်။ ရုရှားနဲ့ အခုအချိန်အထိ အဆက်အသွယ်လုပ်နေတဲ့ နိုင်ငံတွေက ပိုတောင်သိကြပါတယ်။ ဒါပေမဲ့ သူတို့အရှုံးကို ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြတယ်။”

လောလောဆယ်မှာ ရုရှားတပ်တွေဟာ ယူကရိန်းပိုင်နက်ထဲကနေ ပြန်ဆုတ်နေရပါတယ်။ အရင်ဆုံး မြို့တော် ကိယက်ဗ်မြို့ ပတ်ဝန်းကျင်ကနေ ပြန်ဆုတ်ခဲ့ရသလို အခုတခါ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ ပတ်ဝန်းကျင်မှာ ခြေကုပ်ယူထားတဲ့ ရုရှားတပ်တွေ ပြန်ဆုတ်သွားရပြီ ဖြစ်ပါတယ်။

ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက လက်နက်အကူအညီတွေနဲ့ ဇွန်လ အစောပိုင်းလောက်ကစလို့ ရုရှားကို တန်ပြန်တိုက်စစ်ဆင်နေတာ ဖြစ်ပါတယ်။

//
Up