အယ်ဂျားဇီးယားသတင်းထောက်၏ ဈာပနတွင် အဓိကရုဏ်းဖြစ်

အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်မှန်သေဆုံးသွားတဲ့ အယ်ဂျာဇီးယား အမျိုးသမီး သတင်းထောက်ရဲ့ ဈာပနမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပြန်ပါတယ်။
ပါလက်စတိုင်းအရေးနဲ့ အရှေ့အလယ်ပိုင်းသတင်းတွေကို ဆယ်စုနှစ် ၂ ခုလောက် သတင်း ပေးပို့ခဲ့တဲ့ ဝါရင့်သတင်းသမား အဘူအက်ခလာဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်တုန်းက သေနတ်ထိမှန် သေဆုံခဲ့ပါတယ်။
ပါလက်စတိုင်း အာဏာပိုင်တွေဘက်က ဒါဟာ အစ္စရေး စစ်တပ်ဘက်က လုပ်ကြံသတ်ဖြတ်မှုလို့ ပြောပေမဲ့ အစ္စရေးဘက်ကတော့ အဘူအက်ခလာကို ထိသွားတဲ့ ကျည်ဆန်ဟာ အစ္စရေး စစ်တပ်ဘက်က ပစ်လိုက်တာလို့ ယတိပြတ် မပြောနိုင်ဘူးလို့ ဆိုပါတယ်။
အသက် ၅၁ အရွယ် အဘူအက်ခလာဟာ မီဒီယာသမားမှန်း သိသာစေတဲ့အပြင် အင်္ကျီကို ဝတ်ထားတဲ့ကြားက အခုလို သေနတ်ပစ်ခံလိုက်ရတာဖြစ်လို့ ကျယ်ပြန့်တဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
အခင်းဖြစ်တဲ့အချိန်မှာ သူနဲ့ အတူ သတင်းယူနေတဲ့ နောက်ထပ် သတင်းသမား ၂ ယောက်က အစ္စရေးဘက်က စနိုက်ပါသမားရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အဲဒီအချိန်မှာ သူတို့နဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေနဲ့ အဝေးကြီးမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဈာပန အခမ်းအနားကို ဝမ်းနည်းပူဆွေးနွေးနေတဲ့ ပါလက်စတိုင်း ပြည်သူတွေရောက်လာကြပြီး ဇီယွန်တောင်ကုန်း သုသာန်ဆီ သယ်ဆောင်သွားရာ မြို့ဟောင်းလမ်းသွယ်တွေ တလျှောက်မှာ ကြွေးကြော်သံတွေ တိုင်ကြပါတယ်။
အစ္စရေးကလည်း အခုလို အဘူအက်ခလာ သေဆုံးမှုအတွက် ဝမ်းနည်းတဲ့အကြောင်းနဲ့ ပါလက်စတိုင်းနဲ့ အတူ ပူးတွဲစုံစမ်းရေး လုပ်သွားဖို့ အဆိုပြုထားပါတယ်။
အဘူအက်ခလာကို ထိမှန်သွားတဲ့ကျည်ဆန်ကိုလည်း စုံစမ်းစစ်ဆေးနိုင်အောင် သူတို့ကို ပြဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းဘက်က အစ္စရေးရဲ့ တောင်းဆိုချက်ကို လက်မခံပါဘူး။
ပါလက်စတိုင်းသမ္မတ မာမွတ် အာဗက်က အဘူအက်ခလာ သေဆုံးမှုအတွက် အစ္စရေးဘက်မှာ အပြည်အ၀တာဝန်ရှိပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဖော်ထုတ်ဖို့ မေ ၁၂ ရက်က တောင်းဆိုထားပါတယ်။